ပြည် အောက်တိုဘာ ၁၇
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်မြို့နယ်ဦးစီးမှူးရုံးက ပြည်မြို့ ပြည်သာယာရပ်ကွက် ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါရပ်ကွက် မိတ်ဆွေကောင်းဓမ္မာရုံ ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက ပန်းခင်းစီမံချက်၏ရည်ရွယ်ချက်နှင့် ပြည်သူများအတွက် လူမှုဘဝပြည့်စုံရန် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးရရှိရေး ဆောင်ရွက်မှုအကြောင်းအရာများကို တက်ရောက်လာသော ပြည်သူများအား ရှင်းလင်းဆွေးနွေး အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးနှင့်အတူ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် စီမံအုပ်ချုပ်ရေး အဖွဲ့တာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသား စိစစ်ရေးကတ်ပြား အခု၄၀ကို ရပ်ကွက်ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။ ပြည်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၁၄)ခုနှင့်ကျေးရွာအုပ်စု(၅၅) အုပ်စု၊ စုစုပေါင်း (၆၉)အုပ်စုရှိ လူဦးရေ (၅၆၀၅)ဦးအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးရန်လျာထားပြီး ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်းနှင့် မြို့နယ်ရုံး၌လည်း ရုံးဖွင့်ရက်များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လဝကရုံးမှ သိရသည်။
ကိုဆက်
သတင်းပေးပို့သူ ... ဦးမျိုးကျော်