ဇီးကုန်း အောက်တိုဘာ ၁၇
နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာသင်နှစ် တစ်နှစ်နစ်နာမှု မရှိစေရေး၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့် လှစ်နိုင်ရေးနှင့် ကျောင်းများဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို ယနေ့နံနက် ၈ နာရီမှ စတင်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေး ထိုးနှံပေးရာ ယနေ့တွင် ဆေးထိုးစုရပ်လေးနေရာခွဲ၍ အ.ထ.က (ဇီးကုန်း)၌ ကျောင်းသား၊ ကျောင်းသူ(၃၈၃)ဦး၊ အ.ထ.က(မြို့မ)၌ (၄၈၅)ဦး၊ အ.ထ.က(မယင်းလက်ပံခုံ)၌ (၂၇၄)ဦး၊ အ.လ.က(ထန်းတပင်)၌ (၅၈၆)ဦး စုစုပေါင်း (၁၇၂၈)ဦးအား မိဘများ၏ သဘောတူညီချက် နှင့်အညီ စတင်ထိုးနှံပေးလျက်ရှိသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီအဖွဲ့တို့မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် မိဘများ၏ သဘောတူညီချက်နှင့်အညီ ကျောင်းသား ကျောင်းသူ (၃၆၁၃)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် ကျန်ကျောင်းသား ကျောင်းသူများကို အောက်တိုဘာ(၁၈)ရက်နေ့တွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
တင့်ဆွေ(ပြန်ဆက်)