ရွှေဘို ၊ အောက်တိုဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း နဂျီမွေးမြူခြင်းလုပ်ငန်းတိုးချဲ့နိုင်ရေးအတွက် ယမန်နေ့ နံနက်(၁၀)နာရီက ပလိပ်ဇီဝဓာတ်ခွဲခန်းသို့သွားရောက်ကာ လုပ်ငန်းနှီးနှော ဖလှယ်ခြင်းများပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါနဂျီမွေးမြူခြင်းလုပ်ငန်းတိုးချဲ့နိုင်ရေးအတွက် ရွှေဘိုခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်မာချို၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်မေကြွယ်ဝင်းတို့ ဦးဆောင်၍ ရွှေဘိုခရိုင်သီးနှံ ကာကွယ်ရေးဌာနခွဲ နဂျီမွေးမြူရေး ဓာတ်ခွဲခန်းမှ ဝန်းထမ်းများ၊ ဝက်လက်မြို့နယ် လှတော နဂျီဓာတ်ခွဲခန်းနှင့် မြို့မဓာတ်ခွဲခန်းမှ ဝန်ထမ်းများသည် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ ပလိပ်ဇီဝဓာတ်ခွဲခန်းသို့သွားရောက်လေ့လာခဲ့ကြသည်။ ထို့နောက် ပလိပ်ဇီဝဓာတ်ခွဲခန်းမှ နဂျီမွေးမြူရေးတာဝန်ခံ ဒေါ်ရည်ရည်မွန် မှ နဂျီမွေးမြူခြင်းနှင့်ပတ်သက်၍ မွေးမြူနည်း အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများလုပ်ငန်းနှီးနှောဖလှယ်ခဲ့ကြသည်။
ရွှေဘိုနဂျီမွေးမြူရေးဓာတ်ခွဲခန်းမှ နှစ်စဉ်ဥကပ်ပါးနဂျီကို မိုးစပါးအတွက် ဧက(၄၀၀)၊ ဆောင်သီးနှံအတွက် ဧက(၄၀၀) အတွက် ဥကပ်ပါးနဂျီလွှတ်ပေးနိုင်ခဲ့ပြီး ဝက်လက်မြို့နယ် လှတောနဂျီဓာတ်ခွဲခန်းနှင့် မြို့မဓာတ်ခွဲခန်းတို့ကို ယခုနှစ် ဧပြီလ(၂၁)ရက်နေ့မှ စတင်တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဥကပ်ပါးနဂျီကို အသုံးပြုခြင်းအားဖြင့် ဥကပ်ပါးနဂျီ အမတစ်ကောင်မှ ဖျက်ပိုး(၁၀)ဥခန့်ကို ကပ်ပါးပြုနှိမ်နှင်းနိုင်ပြီး ပိုးသတ်ဆေးသုံးစွဲမှုကို လျော့ချနိုင်ခြင်း၊ တောင်သူများ၏ကျန်းမာရေးကို ထိခိုက်မှုမရှိခြင်း၊ သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများ ကင်းဝေစေခြင်း၊ သီးနှံစိုက်ခင်းထဲရှိ အခြားသက်ရှိများ ၊ မြေထု၊ ရေထု ၊ လေထု တို့ကိုလည်း အန္တရာယ်မပြုနိုင်ခြင်း၊ ထရိုင်ဂိုရားမားနဂျီ အသုံးပြုခြင်းဖြင့် လိပ်ပြာမျိုးရင်းဝင်ဖျက်ပိုးများကို နှိမ်နင်းရာတွင် ရေရှည်အသုံးပြုနိုင်ပြီး ကုန်ကျစရိတ် သက်သာ၍ လုခြုံစိတ်ချရသော သီးနှံများရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိကြောင်း ခရိုင်သီးနှံ ကာကွယ်ရေး တာဝန်ခံ ဒေါ်မာချို ထံမှသိရသည်။
ခရိုင်ပြန်ဆက်