ကျိုက်လတ် အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့တွင် ယနေ့ နံနက် ၈ နာရီအချိန်မှစ၍ အမှတ်(၁) ရပ်ကွက်ရုံးရှေ့တွင် လူတစ်ဦးလျှင် စားအုန်းဆီ တစ်ပိဿာ ၄၀၀၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလ အတွင်း အခြေခံလူတန်းစားပြည်သူများ အဆင်ပြေစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှု၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် တစ်အိမ်ထောင်လျှင် ဆီတစ်ပိဿာ ၄၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
“ဆီတစ်ပိဿာ ၄၀၀၀ ကျပ်ဆိုလို့ ဈေးချိုလို့လာဝယ်တာပါ၊အခြေခံလူတန်းစားတွေအတွက် ဝမ်းသာ စရာပါ၊ အပြင်မှာက ပဲဆီဆိုရင် ၆၀၀၀၊ ၇၀၀၀ ကျပ်ရှိတယ်။ အခုစားအုန်းဆီဆိုရင် ၅၀၀၀ ကျပ် လောက်ရှိတယ်။ ဒီမှာ ၄၀၀၀ ကျပ်ဆိုတော့ ဈေးနှုန်းသက်သာတော့ ဈေးဘိုးလေးပိုထွက်လာတယ် အဲဒါကြောင့်လာဝယ်တာပါ” ဟု အမှတ်(၁)ရပ်ကွက်နေအိမ်ရှင်မ တစ်ဦးပြောကြားသည်။
ဌေးဌေးလှိုင်