မြို့သစ် အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်း၌ ယခုနှစ်မိုးရာသီတွင် မိုးများရွာသွန်းကာ လေပြင်းများ တိုက်ခတ်ခဲ့သဖြင့် လူနေအိမ်များ အနည်းငယ် ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသခံပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို အောက်တိုဘာ (၁၅)ရက်နေ့ (၁၁)နာရီအချိန်က မြို့သစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးရုံး ခန်းမတွင်ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းထွန်းမှ လေဘေးသင့်ပြည်သူများကို အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် အောက်တိုဘာလ(၁)ရက်နှင့် (၂)ရက်နေ့က လေဘေးသင့်ခံရသည့် ကိုင်းကျေးရွာနှင့် ဘုရားကြီးရပ်ကွက်တို့မှ လေဘေးသင့်ပြည်သူ(၁၁)ဦးအတွက် ထောက်ပံ့ငွေ (၁၈၃၁၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)