နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ညောင်ကျပ္ပင်ကျေးရွာရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ပြုလုပ်ပေး

နတ်မောက်   အောက်တိုဘာ      ၁၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရန်အတွက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်ပါ အတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးလျက်ရှိသည့် ပန်းခင်းစီမံချက်ဖြင့် နတ်မောက်မြို့နယ် ညောင်ကျပ္ပင် ကျေးရွာရှိ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်ခန့်က ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒု-လဝကမှူး ဦးအောင်သူနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ ၃(က)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်သူ ကျား(၁၇)ဦး၊ မ(၂၇)ဦး၊ ၆(က)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်သူ ကျား(၆)ဦး၊ မ(၁၂)ဦး စုစုပေါင်း (၆၂)ဦး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် လက်ရှိဒေသ၌ အမြဲနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများ၊ လက်ရှိဒေသသို့ တခြားဒေသမှ ပြောင်းရွှေ့နေထိုင်သူများတွင် မူလဒေသ၌ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်မရှိသေးသူများ၊ ရွှေ့ပြောင်း နေထိုင်သူများအနက် မူလဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ နိုင်ငံသားစိစစ်ရေး ကတ်များလည်း မရှိသေးသူများအား ဥပဒေနှင့်အညီ ဖြေလျှော့မှုများဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် ပြုလုပ်ပေးခြင်း ပျက်စီး/ပျောက်ဆုံး သူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းတွင် မွေးတိုး/သေဆုံး စာရင်း ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း တိုး/လျော့/ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

သင်းသင်းမြတ်