မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည် ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိ

မြို့သစ် အောက်တိုဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက်ရေကျော်ကျ လျက်ရှိပြီး ပုလင်းဆည်ရေလှောင်တမံ ရေပိုလွှဲမှလည်း အောက်တိုဘာလ ၁၅ ရက်က ဆည်၏ အထက်ပိုင်း၌ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့ နံနက်ပိုင်းတွင် ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက သိရသည်။

ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀ )ပေဖြစ်ပြီး လက်ရှိရေ မှတ်မှာ(၅၆၀ ဒသမ ၈၀) ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက်(သုည ဒသမ သုံးပေခန့်)၊ စွန်ဆည် ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၇) ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် (နှစ်ပေခန့်)၊ ပုလင်းဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၈၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၈၇ ဒသမ ၇၀) ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် (၂ ဒသမ ၇ပေခန့်) ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိ ကြောင်း သိရသည်။

ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည်ရေလှောင်တမံများ၏  ရေပိုလွှဲမှ ရေကျော်ကျမှုရှိသော်လည်း စိုးရိမ်စရာ အခြေအနေမရှိပဲ ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆည်အနီးအနားနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ တွင် အရေးပေါ်အခြေအနေအဆင့် (၁)အဖြစ် အစိမ်းရောင်အလံ စိုက်ထူ၍ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိ ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)