ဗန်းမောက် ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ခမိုး-ညောင်သာယာကျေးရွာအနီး ဇလုံတောင်တော် တောင်တက်ကားလမ်းဘေးတွင် ဇလုံတောင် အပန်းဖြေ ဆင်စခန်း ယာယီပိတ် ထားစဉ် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ပြင်ဆင်ထားရှိမှုအား ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ် ထားရှိသည့် ဇလုံတောင်အပန်းဖြေ ဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင် ကာကွယ် သည့်အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၅ ရက်မှစတင်ကာ ခေတ္တယာယီပိတ်ထားခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင် ကိုကို၊ မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအာင်၊ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ကျော်လင်း နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်သစ်လုပ်ငန်းဌာနမှ လက်ထောက်မန်နေဂျာ ဦးဖြိုးကျော်စွာလင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆင်စာအဖြစ် ကြံ၊ နေပီယာ မြက်၊ ငှက်ပြောသီး၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ ပြောင်းဖူးများနှင့် အစရှိသည်များအား ကျွေးမွေးကြကာဇလုံတောင် အပန်းဖြေဆင်စခန်းပတ်ဝန်းကျင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနံရံကပ်စာစောင်များ၊ လက်ဆေးဘေစင်များ ကြို တင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ကျော်စွာ(ဗန်းမောက်)