နတ်တလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နတ်တလင်း  ဩဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၏ လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် (၂)နာရီခွဲက မြို့နယ်ကော်မရှင်ရုံးတွင် ဆောင်ရွက်ကြသည်။

အခမ်းအနားတွင် မြို့နယ်ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွဋ်က ယနေ့အချိန်အခါတွင် မဲပေးရမည့် လူဦးရေစာရင်းများကို ပထမအကြိမ် ထုတ်ပြန်ကြေညာပြီးဖြစ်ကြောင်း၊ ဒုတိယအကြိမ် ထုတ်ပြန် ကြေညာရာတွင် ပို၍ပြည့်စုံမှန်ကန်သော စာရင်းများဖြစ်ရန် လိုအပ်ပါကြောင်း၊  မိမိတို့ အဖွဲ့ဝင်များအနေဖြင့် မိမိတို့တာဝန်ကျရာ ကျေးရွာအုပ်စုများသို့လည်း သွားရောက်ကြည့်ရှု ဆောင်ရွက်ကြပါရန်တို့ကို ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသန်းထွဋ်အောင်က မဲစာရင်းများ ကြေညာပေးမှု အပြီး ရပ်ကွက် ကျေးရွာအုပ်စုများမှ တင်ပြလာသော ထည့်သွင်း ပေးရန် တောင်းဆိုသူလူဦးရေစာရင်း ပြင်ဆင်ပေးရန်နှင့် ကန့်ကွက်လွှာ တင်သွင်းသူ လူဦးရေ စာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးရမည့်လူ ဦးရေ စာရင်းများကို ဖတ်ကြားပြသည်။

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ် ဆရာဝန်ကြီး မြို့နယ်စာရင်းစစ်မှူးနှင့် ဒုတိယမြို့နယ်ပညာရေးမှူးတို့ လုပ်ငန်းစဥ်များကို တင်ပြကြသည်။ ၎င်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသော ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေစာအုပ်များကို အဖွဲ့ဝင် များအား ပေးအပ်ခဲ့ကြောင်းသိရသည်။

ဝင်းမြင့်(နတ်တလင်း)