ဟင်္သာတ အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ခရိုင်အတွင်း မြို့နယ်များတွင် ဆောင်ရွက်မည့် လုပ်ငန်း များအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်က ဗီဒီယိုကွန်ဖရန်းရှင်းဖြင့် အဖွင့် အမှာစကား ပြောကြားပြီး ဟင်္သာတခရိုင် ဦးစီးမှူး ဦးအောင်သက်ရှည်က တင်ဒါစိစစ်ရေးအဖွဲ့ကိုယ်စား စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တင်ဒါကြမ်းခင်းစျေး တွက်ချက်ရေး ကော်မတီနှင့် တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီတို့မှ ဖြည့်စွက်ရှင်းလင်းတင်ပြကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ် သော ရေပေးရေးလုပ်ငန်း(၂၀)ခု၊ ကုန်ထုတ်လမ်း(၂) ခဖောက်လုပ်ခြင်း၊ တံတား(၁)စင်း တည်ဆောက်ခြင်း လုပ်ငန်းများအတွက် ကုမ္ပဏီ(၁၃)ခုတို့မှ တင်သွင်းသည့် အဆိုပြုလွှာများ Technical Proposal များ စိစစ်ခြင်း၊ သတ်မှတ်တင်သွင်း တင်ဒါများအလိုက် စည်းကမ်းချက်များနှင့် ကိုက်ညီမူရှိ/ မရှိ စစ်ဆေးခြင်း၊ နည်းပညာ အဆိုပြုလွှာ စိစစ်အမှတ်ပေးခြင်းနှင့် ကြမ်းခင်းစျေးတွက်ချက်ရေး ကော်မတီမှ ကြမ်းခင်းစျေး သတ်မှတ်ခြင်း၊ ရမှတ်များထုတ်ပြန်ခြင်း၊ Technical ရမှတ်များ ကြေငြာခြင်း၊ စျေးနှုန်းအဆိုပြုလွှာ လက်ခံစိစစ်ခြင်း၊ စုစုပေါင်းရမှတ်များ ကြေငြာခြင်း၊ တင်ဒါပဏာမအောင် ကုမ္ပဏီများအား ကြေငြာခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တင်ဒါလုပ်ငန်းတွဲ(၁၂)ခုတွင် (၄)ခုကို ပဏာမ အောင်မြင်သည့် လုပ်ငန်းတွဲများအဖြစ် ကြေငြာခဲ့ကြောင်း သိရသည်။
အဆိုပါ တင်ဒါလုပ်ငန်းများ ရှင်းလင်းပွဲသို့ ဟင်္သာတခရိုင်အတွင်းရှိ(၆)မြို့နယ်တို့မှ ကျေးလက်ဦးစီးမှူး များ၊ တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့များ၊ တင်ဒါဆွဲဝယ်ယူမည့် ကုမ္ပဏီများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူးရုံးမှ သိရသည်။
ကိုဇော် - ဟင်္သာတ