မကွေး အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယနေ့ နံနက် ၈ နာရီအချိန်က မကွေးမြို့ ပြည်တော်သာလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ၌ ကျင်းပသည့် မကွေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပန်းခင်းစီမံချက်၏ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ Billboard စိုက်ထူပွဲအခမ်းအနားသို့ တက်ရောက်ကာ ပန်းခင်းစီမံချက် ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ယခုအခါ နိုင်ငံတစ်ဝှမ်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက် အရ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဦးဆောင်ကြီးကြပ်မှု၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ် ကွပ်ကဲမှုတို့ဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်း စီမံချက်ကို စစ်ဆင်ရေး တစ်ရပ် သဖွယ် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ကာလဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်ကို(၃.၅.၂၀၂၁) ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး စီမံချက်ကာလကို (၁၈)လလျာထား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်အလိုက်၊ ကျေးရွာအုပ်စုအလိုက် ကွင်းဆင်းဆောင်ရွက် ပေးတာဖြစ်လို့ ယခင်ကလို မြို့ပေါ်ကို ကိုယ်တိုင် မသွားရတော့တဲ့အတွက် အချိန်ကုန် လူပမ်းမဖြစ်ကြ တော့ဘဲ ငွေကြေးကုန်ကျမှု သက်သာပြီး ကိုယ့်ရပ်ရွာမှာပဲ လုပ်ငန်းခွင် မပျက်၊ အလုပ်အကိုင်မပျက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရရှိနိုင်ကြပြီ ဖြစ်ကြောင်း၊ မကွေး တိုင်းဒေသကြီးအတွင်း စီမံချက် စတင်တဲ့နေ့မှ ယနေ့အထိ အသက် ၁၀ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား(၆၂၈၁) ကတ်၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၇၁၉၀) ကတ်၊ အသက်(၁၀)နှစ်မှ (၁၈)နှစ်ပြည့် လဲလှယ်ခြင်း (၈၇၂၄)ယောက်၊ ပျောက်ဆုံး / ပျက်စီးခြင်းအတွက် မိတ္တူလျှောက်ထားခြင်း (၁၀၇၈၆) ကတ်၊ စုစုပေါင်း(၃၂၉၈၁)ကတ်၊ အိမ်ထောင် စုစာရင်း (၉၅၅၁) စုနှင့် ရွှေ့ပြောင်း အိမ်ထောင်စုစာရင်း ၇၃ စုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်တို့က ပန်းခင်းစီမံချက်၏ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ Billboard စိုက်ထူပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေး လေတပ်စ ခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ မကွေးတပ်နယ်မှူး၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အသီးသီးတက်ရောက်ခဲ့ကြသည်။
ကိုအောင်