တနင်္သာရီ အောက်တိုဘာလ ၁၅
မေး။ ဆရာမကြီးမင်္ဂလာပါခင်ဗျာ။ နာမည်နဲ့တာဝန်ကျ ကျောင်းကို မိတ်ဆက်ပေးပါ။
ဖြေ။ ကျမကတော့ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့အထက(ခွဲ) ကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနွယ် ဖြစ်ပါတယ်။ မော်လမြိုင်ကနေပြီး ဒီမှာ ကျောင်းအုပ်တာဝန်ကျနေတာပါ။
မေး။ ဆရာမကြီးကျောင်းမှာ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးဖို့ အစီအစဉ်ရှိပါသလား။
ဖြေ။ ရှိပါတယ်။ ဒီတနင်္သာရီမြို့နယ်ထဲမှာ အသက်(၁၂)နှစ်ပြည့်ပြီးတဲ့ ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးဖို့ အုပ်စု(၅)ခုသတ်မှတ်တဲ့အခါမှာ ကျမတို့ မောတောင်က ကျောင်းအုပ်စု နံပါတ်(၅)အဖြစ် မြို့နယ်ပညာရေးဌာနက သတ်မှတ်တာဝန်ပေးထားတယ်။
မေး။ ဒါဆိုရင် ဆရာမကြီးတို့ ကျောင်းအုပ်စုထဲမှာ ဘယ်ကျောင်းတွေပါပြီး ကျောင်းသားဦးရေ ဘယ်နှစ်ဦးလောက် ရှိပါသလဲခင်ဗျာ့။
ဖြေ။ ကျမတို့ဆေးထိုးအုပ်စုထဲမှာဆိုရင် အထက(ခွဲ)မောတောင်ကျောင်းက အသက်(၁၂)နှစ် အထက်ကျောင်းသားဦးရေ(၂၈၆)ဦး၊ မောတောင်မြို့- အမှတ်(၉)ကျေးရွာအုပ်စုထဲက အမှတ်(၃) ကျေးရွာ-မူလွန်ကျောင်းမှ(၅၅)ဦးနဲ့ အမှတ်(၉)ရွာ မူလွန်ကျောင်းက (၅၇)ဦးဆိုတော့ ကျောင်းက (၃)ကျောင်းဖြစ်ပြီး အခုပညာသင်နှစ်အတွင်း ကျောင်းအပ်နှံထားတဲ့ (၁၂)နှစ်ပြည့်ပြီးတဲ့ ကျောင်းသား/ သူပေါင်း(၃၉၈)ဦး စာရင်းရရှိထားပါတယ်။
မေး။ ဒီကျောင်းသားတွေကို ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်ထားတာတွေကိုသိချင်ပါတယ်။
ဖြေ။ ဒီကာကွယ်ဆေးထိုးမဲ့နေ့ (ပထမ)နေ့နဲ့(ဒုတိယ)နေ့မှာကျမတို့ အထက(ခွဲ)မောတောင်က ကျောင်းသား/သူ(၂၈၆)ယောက်ကို ထိုးနှံပေးမှာပါ။ (တတိယ)နေ့မှာ နံနက်ပိုင်းမှာ အမှတ်(၃) ကျေးရွာ မူလွန်ကျောင်းက ကျောင်းသားတွေကို ထိုးပေးမယ်။ မွန်းလွဲပိုင်းမှာ အမှတ်(၉)ကျေးရွာ မူလွန်ကျောင်းသားတွေကို ထိုးပေးဖို့စီစဉ်ထားပါတယ်။ ဆေးထိုးမဲ့ စုရပ်ဖြစ်တဲ့ အထက(ခွဲ) မောတောင်ကျောင်းမှာ ဆေးသွားရောက်ထိုးနှံပေးနိုင်ဖို့အတွက် အမှတ်(၃) ပြည့်ဖြိုးထွန်း ဆီအုန်း စိုက်ပျိုးရေးကုမ္ပဏီမန်နေဂျာ ဗိုလ်ကြီးကျော်နိုင်(ငြိမ်း)က ကားတွေနဲ့ ကြို/ပို့ လုပ်ပေးမယ်လို့ သိထားရပါတယ်။
မေး။ အခုလိုကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးတဲ့ အဓိက ရည်ရွယ်ချက်တွေကို သိချင်ပါတယ်။
ဖြေ။ နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူများ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် ကျောင်းသား/သူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်နဲ့ အခြေခံပညာ ကျောင်းသား/သူများတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု၊ သေဆုံးမှုကို လျော့ချရန်နှင့် ကျောင်းသား/သူများမှတစ်ဆင့် မိသားစု၏ ပတ်ဝန်းကျင်သို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန် စတဲ့ အင်မတန်မှကို ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေပဲ ဖြစ်ပါတယ်။
မေး။ ဒီကာကွယ်ဆေး ထိုးလုပ်ငန်းကို ဘယ်သူတွေ ပူးပေါင်းကူညီကြမလဲ သိချင်ပါတယ်။
ဖြေ။ မောတောင်မြို့ အုပ်ချုပ်ရေးမှူး၊ မြို့မရပ်ကွက်၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ မောတောင်တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာသီဟအောင်နဲ့ ကျန်းမာရေး ဆရာမ များတွေ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပရဟိတလူငယ်တွေက အခုကတဲ့က လိုအပ်တာတွေ အကုန်လုံးကို ကူညီဆောင်ရွက်ပေးနေကြပါတယ်။ ယခင် ဒေသခံတွေကို ဆေးထိုးနှံပေးစဉ်က အတွေ့အကြုံရှိတဲ့ ဆရာ/မတွေကလဲ ပူးပေါင်းပေးကြမှာဖြစ်ပါတယ်။ အခုဆိုရင် ကျောင်းသန့်ရှင်း ရေးနဲ့ ဆေးထိုးမဲ့နေရာ/စောင့်ဆိုင်းမဲ့နေရာ/စာရင်း ရေးသွင်းမဲ့နေရာ/ ကြိုဆိုရေးနေရာ စသဖြင့် ကြိုတင်ပြင်ဆင်မှုတွေကို ဆောင်ရွက်ထားရှိပြီးနေပါပြီ။
မေး။ ကျောင်းသားတွေ ဆေးထိုးဖို့လာတဲ့အခါမှာ မိဘ/အုပ်ထိန်းသူတွေလိုအပ်ပါသလါး။
ဖြေ။ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျောင်းသားတွေ ဆေးထိုးဖို့ မိဘ(သို့)အုပ်ထိန်းသူ တစ်ဦးဦးရဲ့ သဘောတူမှု လက်မှတ်လိုပါတယ်။ သဘောတူ လက်မှတ်မထိုးပေးဘူးဆိုရင် ကာကွယ်ဆေး ထိုးနှံပေးမှာ မဟုတ်ပါဘူးရှင့်။
မေး။ အခုလို ကျောင်းသားတွေကို ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုအပေါ် ဆရာမကြီးရဲ့ အမြင် ပီတိစကားလေး ပြောပေးပါအုံးခင်ဗျာ့။
ဖြေ။ ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းတွေ ပိတ်ထားရတယ်ဆိုတော့ ကလေးတွေအတွက် ပညာရေး နှောင့်နှေးရတာပေါ့နော်။ အခုအခါမှာ ကာကွယ်ဆေးထိုးပြီးရင် ကျောင်းတွေ ပြန်ဖွင့် နိုင်မယ်ဆိုတော့ ကလေးတွေပညာသင်ယူခွင့် အခွင့်အလမ်းတွေ ပြန်ရတဲ့အတွက် ကျမ ပီတိဖြစ်ရပါတယ်။ နောက်ပြီး ကာကွယ်ဆေး အကြိမ်ပြည့် ထိုးထားတဲ့အတွက် ကျန်းမာရေးအတွက် စိတ်ချရ မယ်။ ပညာကိုလဲ ကောင်းကောင်းသင်နိုင်မှာဖြစ်တဲ့အတွက် ဝမ်းသာပီတိ ဖြစ်မိတာအမှန်ပါပဲ။ ဆေးမထိုးဘဲနဲ့ ဆိုရင် ရင်တမမနဲ့ ဘယ်တော့ ကူးမလဲဆိုပြီး ဖြစ်နေမဲ့အစား အခုလို ကာကွယ်ဆေးကို အကြိမ်ပြည့်အောင် ထိုးနှံပေးကြပြီး စည်းကမ်းတကျ နေသွားကြမယ်ဆိုရင် ကူးစက်မှု ပျံ့နှံ့မှုတော်တော်နည်းသွားမှာဖြစ်ပါတယ်။ လုံခြုံစိတ်ချစွာနဲ့ ပညာသင်ကြားပေးနိုင်မှာ ဆိုတော့ ပြောမပြတတ်အောင် ပီတိဖြစ်ရပါတယ်။
မေး။ ဆရာကြီးအနေနဲ့ အခြားဖြည့်စွက်ပြောချင်တာရှိရင် ဖြည့်စွက်ပြောကြားပေးပါ။
ဖြေ။ ကျမတို့က ဆရာ/မဆိုတာက ကျမတို့အလုပ်က စာသင်ဖို့ပါ။ ဒီလိုမျိုး ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်ထားရ တယ်ဆိုတော့ စာမသင်ရဘူး။ အဲလိုမျိုးကျမတို့အလုပ် ကျမတို့ ကျန်းကျန်း မာမာနဲ့ ပုံမှန်လုပ်နိုင်အောင် ပညာတွေ ကလေးတွေကို ဖြန့်ဝေပေးနိုင်အောင် ကလေးတွေကိုလဲ ကျန်းမာဘေးကင်းအောင် စီစဉ်ပေးတဲ့ နိုင်ငံတော်အစိုးရကို အရမ်းကိုကျေးဇူးတင်ပါတယ်။ နောင်တစ်ချိန်မှာ နိုင်ငံအတွက်အကျိုးပြုမဲ့ ကျောင်းသား/သူတွေအနေနဲ့ ဒီကိုဗစ်-၁၉ ရောဂါ ကင်းစင်ဖို့ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပြီးရင် စိတ်ချလုံခြုံစွာနဲ့ ပညာတွေ သင်ယူခွင့် ရရှိမှာဖြစ်တဲ့အတွက် များစွာဝမ်းသာပီတိဖြစ်မိပါကြောင်း ပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါ တယ်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)