လောင်းလုံးမြို့နယ်တွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရေး ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အသိပညာပေး ရှင်းလင်းပွဲဆောင်ရွက်

လောင်းလုံး အောက်တိုဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ထိုက်၏ ဦးဆောင်မှုဖြင့် အခြေခံပညာ ကျောင်းသား/ ကျောင်းသူများအား ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ရောဂါကူးစက်မှုမရှိဘဲ၊ ကောင်းမွန်စွာ ကျောင်းတက်နိုင်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချမ်းသာခြင်း၊ ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းဖြင့် ပညာသင်ကြားနိုင်ရန် မျှော်မှန်းပြီး အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူ များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် အသိပညာပေး ရှင်းလင်းပွဲဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် လောင်းလုံး မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှင်းလင်းပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများအား ကာကွယ်ဆေး ထိုးပေးရခြင်း၏ ရည်ရွယ်ချက် အား ရှင်းလင်းခြင်း၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိရပ်ကွက်/ကျေးရွာအတွင်းရှိ မိဘပြည်သူများထံသို့ နှိုးဆော်ပေးနိုင်ရန်နှင့် ကာကွယ်ဆေး မထိုးနှံပေးသင့်သော ကျောင်းသား/သူများအကြောင်း ရှင်းလင်းပြောကြား၍ တက်ရောက်လာကြသော ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူး ရဲမင်းထွန်းနှင့် ရပ်ကွက်/ကေျးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လောင်းလုံး(ပြန်/ဆက်)