မကွေး အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယနေ့နံနက်ပိုင်းက မကွေးကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များရှိ ပါမောက္ခချုပ်များနှင့် အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများအား သက်ဆိုင်ရာတက္ကသိုလ်များတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရှေ့ဦးစွာ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မကွေးကွန်ပျူတာ တက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်နှင့် အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများအား တွေ့ဆုံရာ မိမိအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာ ကျွမ်းကျင်မှုပြည့်ဝပြီး လုပ်ရည် ကိုင်ရည်ပြည့်ဝသော ကျောင်းသား/သူများအား မွေးထုတ်ပေးသူများ ဖြစ်သော ဆရာ/ ဆရာမ ကြီးများအား တွေ့ဆုံရခြင်းကြောင့် ဝမ်းသာပီတိဖြစ်မိပါကြောင်း၊ ဆရာ/ ဆရာမတို့သည် စေတနာ၊ မေတ္တာများဖြင့် ကျောင်းသား/သူများအား လူတော်လူချွန်များအဖြစ် မွေးထုတ်သင်ကြားပေး ရသည့်အတွက် ဂုဏ်ယူ ဝမ်းသာပီတိဖြစ်ရသည့် အလုပ်များဖြစ်ပါကြောင်း၊ မိမိတို့ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယခုအခါ ကျောင်းသား/သူများ လုံခြုံဘေးကင်းစွာ ပညာ သင်ကြား နိုင်ရေးအတွက် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး များအား ထိုးနှံပေးနိုင်ရေး အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် မကွေးကွန်ပျုတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးလင်းအောင်က တက္ကသိုလ်ရှိ ဝန်ထမ်းဖွဲ့စည်းပုံနှင့် ခန့်အပ်အင်အားစာရင်းများ၊အွန်လိုင်းမှတစ်ဆင့် သင်တန်း ပို့ချနေမှုအခြေအနေများ၊ ဆောင်ရွက်ဆဲ တည်ဆောက်ရေးလုပ်ငန်းများနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ရှင်းလင်းတင်ပြကာ လူမှုရေးရာဝန်ကြီးက (၄)ခန်းတွဲ(၄)ထပ် ဆရာ/ဆရာမ အဆောင်များ ဆောင်လုပ်နေမှုများနှင့် ဘက်စုံသုံးအားကစားခန်းမ ဆောက်လုပ်မှုအခြေအနေ များအား ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေး၊ သတ်မှတ် ဘဏ္ဍာနှစ် အတွင်း အချိန်မီ ပြီးစီးရေးအတွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် လူမှုရေးရာဝန်ကြီးသည် မကွေးနည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများအား အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ ဆရာ/ဆရာများ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး၊ ကျောင်းအဆောက်အဦများ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ကျောင်းသား /သူ များ ကိုဗစ-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပညာသင်ကြားနိုင်ရေး ကြိုတင်စီမံ ဆောင်ရွက် ထားရှိရေးတို့ကိုမှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်က တက္ကသိုလ်ရှိ ဝန်ထမ်းဖွဲ့စည်းပုံနှင့် ခန့်အပ်အင်အား စာရင်းများ၊ တည်ဆောက်ဆဲ ဆောက်လုပ်ရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ရာ လူမှုရေးရာဝန်ကြီးမှ တည်ဆောက်ဆဲ လုပ်ငန်းများဖြစ်သော ကျောင်းသား/သူအိပ်ဆောင် (၃)ထပ်ဆောင်လုပ်နေမှုနှင့် ဘက်စုံသုံး အားကစား ခန်းမ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)