ရွှေသောင်ယံ အောက်တိုဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်နေပြည်သူများအား မိုဘိုင်းအဖွဲ့ဖြင့် ကိုဗစ် -၁၉ရောဂါ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုကို ယမန်နေ့ မွန်းလွဲ ၁၃:ဝဝ နာရီက ဆောင်ရွက်ခဲကြောင်း သိရသည်။
ထိုသို့ကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်နိုင်ရန်အတွက်မြို့ကျန်းမာရေးဦးစီးဌာန၊ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာနနှင့်ရပ်ကွက် Volunteer တို့ ပါဝင်သော မိုဘိုင်းပူးပေါင်းကျန်းမာရေးစစ်ဆေးရေးအဖွဲ့မှ အမှတ်( ၁) ရပ်ကွက် ၊ အမက (ခရင်ချောင်း)ကျောင်း၌ စစ်ဆေးရေး Center ပြုလုပ်လျှက် ပြည်သူ (၁၀၅ ) ဦးကို (RDT) Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် အသက်(၂၆)နှစ်အမျိုးသမီ (၁)ဦး နှင့်အသက်(၂၈)နှစ်အရွယ် အမျိုးသား (၁) ဦး ၊ ပေါင်း(၂)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာများအား ဆေးရုံ AMBULANCE ယာဉ်ဖြင့် မြို့ကိုဗစ်ကုသရေးCenter ( အဏ္ဏဝါသိပ္ပံ)သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ရွှေသောင်ယံမြို့တွင် ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၈၇ ဦး ရှိပြီး ကျန်းမာရေး ကောင်းမွန်လျှက်ရှိကြောင်း၊ ယခုလို ရပ်ကွက်အတွင်း မိုဘိုင်းအဖွဲ့ဖြင့်စစ်ဆေးခြင်းသည် ပိုးတွေ့ လူနာများနှင့်ထိစပ်မှုရှိနေသူ များမှတစ်ဆင့် ရောဂါပိုးဆက်လက်ပျံပွားမှု မရှိစေရေးအတွက် ဆောင် ရွက်ခဲ့ကြောင်း( ၁) ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးသိန်းငွေက ပြောပြပါသည်။
မေကြည်