မအူပင် သြဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များအတွက် ခရိုင်အဆင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေး နှင့် ဖွံဖြိုးရေးဆိုင်ရာ အခြေခံ (အခမဲ့) သင်တန်းဆင်းပွဲကို ယနေနံနက် ၉ နာရီက မအူပင်ခရိုင် လူမှုဝန်ထမ်းရုံး၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲတွင် မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆင့်က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်တင်တင်ဝါက ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ အခြေခံ (အခမဲ့) သင်တန်းမှ ရရှိခဲ့သည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆင့်နှင့် ဦးစီးအရာရှိ ဒေါ်တင်တင်ဝါတို့က ခရိုင်အတွင်းရှိ (၄) မြို့နယ်မှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသားခေါင်းဆောင်တို့မှ လက်ခံရယူခဲ့ပါသည်။ ဆက်လက်၍ သင်တန်းသူတစ်ဦးမှလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မအူပင်ခရိုင်းအတွင်းရှိ (၄) မြို့နယ်မှ သင်တန်းသား (၃၀) ဦး တက်ရောက် သင်ကြားခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင်လ ၂၄ ရက်နေ့မှ သြဂုတ်လ ၁၈ ရက်နေ့အထိဖြစ်ကြောင်း မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက် ညွှန်ကြား ရေးမှူး ဒေါ်ဆင့်ထံမှ သိရသည်။
အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)