မြဝတီမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာကန်တော့ပွဲ အခမ်းအနားကျင်းပ

မြဝတီ အောက်တိုဘာ ၁၅

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် မြဝတီမြို့နယ် ပညာရေးမှူးရုံးမှကြီးမှူး ကျင်းပသည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာကန်တော့ပွဲအခမ်းအနားကို  ယနေ့နံနက် (၁၀)နာရီအချိန်က မြဝတီမြို့ရှိ မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို ပဉ္စဂုဏံအဟံဝန္တာမိ  သံပြိုင်ရွတ်ဆိုကာ အခမ်းအနားအား ဖွင့်လှစ်ပြီး မြို့နယ် ပညာရေးမှူးဦးမြင့်ဦးက  ကိုဗစ်စည်းကမ်းချက်များကြောင့် အငြိမ်းစားယူထားသည့် ဆရာကြီး/ဆရာမကြီးများအားလုံးကို မဖိတ်ကြားနိုင်ခြင်း မရှိဘဲ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွင်း ပင်စင်ယူထားသည့် ဆရာကြီး/ဆရာမကြီးများကိုသာ သီးခြားရွေးထားကြောင်း၊ လာမည့်နှစ် အတွက် ပင်စင်ယူထားတဲ့ ဆရာ/ဆရာမကြီးများ၊  အသက်(၆၅)နှစ် ကျော် ဆရာကြီး၊ ဆရာမကြီး များကို အပိုင်းများခွဲကာ ကန်တော့သွားမည်ဖြစ်ကြောင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး အငြိမ်းစားဆရာကြီး/ဆရာမကြီးများကို ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့သည်။

ထို့နောက် အငြိမ်းစားဆရာမ/ဆရာမကြီးများကို ပူဇော်ခံပစ္စည်းများဖြင့် မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးနှင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများက ဆက်လက်ပူဇော်ကန်တော့ခဲ့ရာ အငြိမ်းစား ဆရာကြီး/ဆရာမကြီးများမှ ဆုံးမဩဝါဒစကား အသီးသီးပြောကြားခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုံ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)