ငဖဲမြို့၌ (၉၂) ကြိမ်မြောက် ဆွမ်းတော်ကြီးလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ငဖဲ အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့၌ နှစ်စဉ်ကျင်းပဆောင်ရွက်မြဲဖြစ်သော ဆွမ်းတော်ကြီးလောင်းလှူပွဲကို ယနေ့နံနက် နာရီအချိန်က မြို့မရပ်ကွက် မြို့ဦးဘုန်းတော်ကြီးကျောင်းမှ ဓါတ်တော်ဓမ္မာရုံအထိ မြို့လယ်လမ်းမတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပ လောင်းလှူခဲ့ကြသည်။

"အခုဆွမ်းကြီးလောင်းပွဲကို နှစ်စဉ်ကျင်းပဆောင်ရွက်ခဲ့တာဖြစ်ပြီး ယမန်နှစ်က ကိုဗစ်-၁၉ ရောဂါ ကာလဖြစ်နေသည့်အတွက် ကျင်းပဆောင်ရွက်နိုင်ခြင်းမရှိဘဲ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာများ လျော့နည်းကျဆင်းလာသည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ၏ခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (mask)တပ်ပြီး ဆွမ်းလောင်းလှူပွဲကို ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုနှစ်ဆိုရင် (၉၂)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ ဆွမ်းလောင်းလှူပွဲသို့ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များကို ပင့်ဆောင်ပြီး ဆွမ်းလောင်းလှူပွဲ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆွမ်းနှင့်ဆွမ်းဟင်းများကိုလည်း ပြည့်စုံစွာလောင်းလှူ သွားမည်ဖြစ်ကြောင်း" ငဖဲမြို့မရပ်ကွက် ဆွမ်းလောင်းရုံဂေါပက ဥက္ကဋ္ဌ ဦးဂွတို က ပြောကြားသည်။

အဆိုပါဆွမ်းတော်ကြီးလောင်းလှူပွဲသို့ မြတ်စွာဘုရားအပါအဝင် ဆရာတော်၊ သံဃာတော် (၁၇၇) ပါးကြွရောက်တော်မူပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှစေတနာရှင်၊ အလှူရှင်များက ဆွမ်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝထ္ထူငွေများကို စေတနာသဒ္ဒါတရားထက်သန်စွာ လောင်းလှူခဲ့ကြပြီး လှူဒါန်းမှု အစုစုကို ဓါတ်တော်ဓမ္မာရုံတွင် ရေစက်သွန်းချတရားနာယူခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)