ကျိုက်ဒုံမြို့ဒေသထွက် ကွမ်းသီးများစျေးကောင်းရရှိ၍ တစ်ပိုင်တစ်နိုင် ကွမ်းသီးလုပ်ကိုင်သူများ မိသားစုအပိုဝင်ငွေများရရှိ

ကျိုက်ဒုံ အောက်တိုဘာ ၁၅

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့သည် ကွမ်းသီးများ ထွက်ရှိသေဒေသတစ်ခုဖြစ်ပြီး ယခုနှစ်တွင် ကွမ်းသီးများစျေးကောင်းရရှိ၍ တစ်ပိုင်တစ်နိုင် ကွမ်းသီးလုပ်ကိုင်နေသူများ မိသားစု အပိုဝင်ငွေရရှိနေကြကြောင်း သိရသည်။

ယခုနှစ်တွင် ယမန်နှစ်များကထက် ကွမ်းသီးထွက်ရှိမှု ပိုများကာ ကျိုက်ဒုံမြို့ပေါ်၌ ယခုကွမ်းသီး ပေါက်စျေးနှုန်းမှာ ကွမ်းသီးအစိမ်း အလုံးတစ်ရာလျှင်ငွေ (၂၀၀၀)ကျပ်အထိ ပေးဝယ်ရပြီး ဈေးကွက်အတွင်း၌ ဝယ်လိုအားကျဆင်းမှုမရှိသောကြောင့် ကွမ်းသီးခြံပိုင်ရှင်များနှင့် တစ်ပိုင်တစ်နိုင် ကွမ်းသီးလုပ်ကိုင်နေသူများ နေ့စဉ်ပုံမှန်ဝင်ငွေ ရရှိနေကြသည်ဟု ကွမ်းသီးလုပ်ကိုင်သူနေများထံမှ သိရသည်။

ယခင်နှစ်က ကိုဗစ်-၁၉ ကာလမှာ ကွမ်းသီးအခြောက် တစ်ပိဿာလျှင် ကျိုက်ဒုံမြို့ပေါ် ငွေ(၄၀၀၀)ကျပ်အထိသာရရှိခဲ့ပြီး ယခုနှစ်တွင် ကွမ်းသီးအခြောက်တစ်ပိဿာလျှင် ငွေ(၆၀၀၀)ကျပ်၊ ကွမ်းသီးအသန့် တစ်ပိဿာလျှင် ငွေ(၇၀၀၀)ကျပ်အထိ စျေးကောင်းရရှိပြီး အဆိုပါ ကွမ်းသီးများကို ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီး၊ မုဒုံ၊ မော်လမြိုင်မြို့အထိ တင်ပို့ရောင်းချကြောင်း သတင်းရရှိသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)