ကျွန်းလှမြို့နယ်၌ မိုးစပါး မျိုးစေ့ထုတ်စံပြကွက် စိုက်ခင်းများ ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်းနှင့် မျိုးကွဲနုတ်ပယ်ခြင်းပြုလုပ်

ကျွန်းလှ  အောက်တိုဘာ  ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မြို့မနည်းပညာ ပြန့်ပွားရေးစင်တာ နယ်မြေအတွင်းစိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ်စံပြကွက် စိုက်ခင်းများ ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်းနှင့် မျိုးကွဲနုတ်ပယ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း ဆောင်ရွက်ကြောင်း သိရသည်။

 

“ မိုးစပါး စိုက်ခင်းများမှာ ပင်ပွားစည်းချိန် ရောက်ရှိပြီး သန္ဓတည်ချိန် ရောက်ရှိလာပြီဖြစ်ကြောင်း၊ စပါးခင်းများအတွင်း ဆစ်ပိုး၊ ရွက်လိပ်အိမ်ပိုး အစရှိသည့် ပိုးမွှားများ ကျရောက်တတ်ကြောင်း၊ ပိုးပွှားကျရောက်မှု ကြိုတင်ကာကွယ်ရန်အတွက် သဘာဝပိုးပြေးဆေး၊ ပိုးနှင်ဆေးများ၊ တမာပိုးသတ်ဆေးတို့ဖြင့် ကာကွယ်နိုင် ကြောင်း၊ ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်းစနစ် လိုက်နာကျင့်သုံးဖို့လိုကြောင်း၊ အထွက်နှုန်းကောင်းမွန်ရန် သမန်းနိုးခြင်း၊ ပေါင်းရှင်းခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ အချိုးကျ ထည့်သွင်းသုံးစွဲကြရန် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ရှင်းလင်းပြောကြားသည်။

 

ကျွန်းလှမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မိုးစပါးသီးနှံ ၃၄၈၉၉ ဧက စိုက်ပျိုးထားကြောင်း၊ မျိုးစေ့ထုတ် စံပြကွက်အဖြစ် ကြာတကန်၊ မကျီးအင်း၊ တပ်ကုန်း၊ မဒေါင်ကျေးရွာတို့မှ စုစုပေါင်း ဧက ၁၅၀ စိုက်ပျိုးပြီး မျိုးစေ့နှင့် သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မျိုးဝင်းညို ( ကျွန်းလှ )