တနင်္သာရီ ဩဂုတ်လ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း စဉ်များနှင့် Quarantine Centre များ၌ မေတ္တာ၊ စာဂ၊ ဝိရိယကို အခြေခံ၍ စိတ်အားထက်သန်စွာ အားကြိုးမာန်တက် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်း (Volunteer) ပရဟိတအဖွဲ့များကို အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ချီးမြှင့်ပေးပို့သော ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမအတွင်း ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ သုခရွှေရီကျန်းမာရေးအထောက်အကူပြုအသင်း၊ မေတ္တာရိပ်ကျန်းမာရေးကူညီစောင့် ရှောက်မှုအသင်း၊ မေတ္တာကမ္ဘာပရဟိတအဖွဲ့၊ သုခကာရီနာရေးကူညီမှုအသင်း၊ မေတ္တာရေစင်ပရဟိတအသင်းအဖွဲ့ကိုယ်စားလှယ်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့မှ ချီးမြှင့်ပေးပို့သောဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ Quarantine Centre များတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးကြသည့် တနင်္သာရီမြို့နယ်အတွင်းမှ ပရဟိတအဖွဲ့များနှင့် ကျေးရွာအလိုက် စေတနာ့ဝန်ထမ်း (Volunteer) ပရဟိတအဖွဲ့များအား ချီးမြှင့်ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက စေတနာ့ဝန်ထမ်း (Volunteer) ပရဟိတအဖွဲ့ (၆) ဖွဲ့မှ ကိုယ်စားလှယ်များ၊ ရပ်ကွက်/ကျေးရွာအလိုက် စေတနာ့ဝန်ထမ်း (Volunteer) (၁၁၃) ဦးအတွက် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ပေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ယင်းသို့ နိုင်ငံတော်အဆင့်မှ အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်လက်ခံရှိသဖြင့် အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် သုခရွှေရီ ကျန်းမာရေးအထောက်အကူပြုအသင်း တာဝန်ခံတို့က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)