အမာမြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် စတင်ထိုးနှံပေး

အမာ၊ အောက်တိုဘာ ၁၅

 

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင်၊ အမာမြို့၊ အထကကျောင်း၌  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး  ပထမအကြိမ်ထိုးနှံပြီးသူများကို ယနေ့ နံနက် ၉နာရီခွဲက စတင်ကာ  ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးနေကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို လူဦးရေ ၁၅၀ ခန့်အား ထိုးနှံဆောင်ရွက်ပေးရမည်ဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင်  ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးနေမှုအား အမာမြို့နယ်မြေရဲစခန်းမှူးနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြည့်ရှု အားပေးပြီး ကာကွယ်ဆေးလာရောက်ထိုးနှံသူများ စိတ်အေးချမ်းသာစွာထိုးနှံနိုင်ရေးအတွက် လိုအပ်သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

အမာမြို့၌  ပြည်သူများ ကိုဗစ် - ၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများကိုလည်း သက်ဆိုင်ရာဆေးထိုးစုရပ်များအလိုက် မပျက်မကွက်ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ရေးအတွက်  အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 အမာ ( ပြန်/ဆက် )