မုံရွာ အောက်တိုဘာ ၁၅
နိုင်ငံတော်၏ အနာဂတ် မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားခွင့် အခွင့်အလမ်းရရှိစေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်း အသက်(၁၂) နှစ်နှင့်အထက် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆိုင်နိုဗက် (Sinovac) ထိုးနှံရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှု အစည်းအဝေးကို ယနေ့နံနက် (၉)နာရီ က မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုး က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၏ ဆွေးနွေးတင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက် ၁၂ နှစ်နှင့်အထက် အသက် ၁၈ နှစ်အောက် အလယ်တန်း၊ အထက်တန်း ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား မိဘအုပ်ထိန်းသူ၏ သဘောတူ ခွင့်ပြုချက်ဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ အသက် ၁၂ နှစ်မပြည့်သူများ၊ ဓါတ်မတည့်သူများ၊ သွေးဥမွှာလျော့နည်းသူများ၊ သွေးမတိတ်ရောဂါရှိသူများ၊ ခန္ဓာကိုယ်ခုခံအားစနစ် အားနည်းသူများ၊ ဆီးချိုရောဂါ၊ အတက်ရောဂါ၊ ဦးနှောက်အာရုံကြော ရောဂါရှိသူများကို ကာကွယ်ဆေးထိုးနှံပေးမည် မဟုတ်ကြောင်း၊ လတ်တလော ဖျားနေသော ကျောင်းသား၊ ကျောင်းသူများကိုလည်း ယာယီထိုးနှံမပေးကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံရခြင်း၏ အကျိုးကျေးဇူး၊ ထိုးနှံမည့်အစီအစဉ်၊ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများအား ကျောင်းသားမိဘများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပေးနှိုးဆော် သွားမည်ဖြစ်ကြောင်း သိရသည်။
မုံရွာခရိုင်အတွင်း အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ကျောင်းအုပ်စုအလိုက် ဆေးထိုးစုရပ်များအဖြစ် မုံရွာမြို့နယ်တွင် (၃)နေရာ၊ ချောင်းဦးမြို့နယ်တွင် (၂)နေရာ၊ ဘုတလင်မြို့နယ်တွင် (၃)နေရာနှင့် အရာတော်မြို့နယ်တွင် (၄)နေရာ စုစုပေါင်း ကျောင်းအုပ်စုအလိုက် ဆေးထိုးစုရပ် (၁၂) နေရာ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)