ကံမ အောက်တိုဘာ ၁၅
မင်္ဂလာပါရှင်။ မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်း အသက် (၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် မြို့နယ် ပညာရေးမှူးနှင့် တွေ့ဆုံပြီး ယခုလိုမေးမြန်းဆောင်ရွက်ခဲ့ပါတယ်။
မေး။ မင်္ဂလာပါရှင့်။ ပထမဦးဆုံးဆရာကြီးအမည်နဲ့ ရာထူးကိုပြောကြားပေးပါဦးရှင့်။
ဖြေ။ ကျွန်တော့်အမည်ကတော့ ဦးရဲလွင်အောင် ဖြစ်ပါတယ်။ ကံမမြို့နယ် မြို့နယ်ပညာရေးမှူးဖြစ် ပါတယ်။
မေး။ အခြေခံပညာ အထက်တန်း အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်နေတယ်လို့ သိရတဲ့အတွက် ကာကွယ်ဆေးထိုးနှံဖို့ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေလေး ပြောကြားပေးပါရှင့်။
ဖြေ။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမည့် အစီအစဉ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပညာရေးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့့််ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ပညာရေးဌာန အနေနဲ့ ကျောင်းသားတွေကို လှုံ့ဆော်ခြင်းနှင့်စာရင်းကောက်ခြင်း၊ ကျန်းမာရေးဌာနအနေဖြင့် ကာကွယ်ဆေးထိုးမည့် တာဝန်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လုံခြုံရေးနှင့်သွားလာရေးကို တာဝန်ယူပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန က ဆေးထို့မည့် ကျောင်းသား/သူတွေကို မှတ်ပုံတင်ပြုလုပ်ပေးဖို့ ကြိုတင်ပြင်ဆင်ထားပါတယ်။ ပညာရေးဌာနက တာဝန်ယူထားတဲ့ ကျောင်းသားစာရင်းပြုစုရေးကိစ္စမှာ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူတွေကို သက်ဆိုင်ရာ ဆရာ/မတွေက အထက်တန်း၊ အလယ်တန်းကျောင်းသား စာရင်းအား ပေးထားတဲ့ပုံစံအတိုင်း စာရင်းပြုစုဆောင်ရွက်လျက် ရှိပါတယ်။
မေး။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမည့် နေရာလေးတွေ သိချင်ပါတယ်ရှင်။
ဖြေ။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမည့် နေရာကို မူလသတ်မှတ်စဉ်က ပညာရေးဝန်ထမ်းအင်အား၊ ကျန်းမာရေးဝန်ထမ်းအင်အား လုံခြုံရေးအနေအထားအရ စုရပ် (၆)ခု သတ်မှတ်ခဲ့ပါတယ်။ စုရပ်တစ်ခုမှာရှိတဲ့အနေအထားအရ ကျောင်းသားများတဲ့နေရာ၊ သွားလာရန်ခက်ခဲ့တဲ့နေရာတွေမှာ ကျန်းမာရေးဌာနရဲ့ ဖြည့်ဆည်းမှုဖြင့် မူရင်းစီမံချက် ကာကွယ်ဆေးထိုးနှံရန်နေရာ (၆)ခု သတ်မှတ်ထားသော်လည်း လက်ရှိမြေပြင်အခြေအနေအရ ရက်အပြောင်းအလဲလုပ်ပြီး (၁၅)နေရာ သတ်မှတ်ခဲ့ပါတယ်။ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းတွေကို အဓိကထားပြီး ကံမ အ.ထ.က၊ ရေနံ့သာ အ.ထ.က၊ စစ္စရံ အ.ထ.က၊ ကျောက်စောင်း အ.ထ.က၊ ကြို့ပင် အ.ထ.က၊ အင်းဘဲ အ.ထ.က တို့ကို စုရပ်အဖြစ် သတ်မှတ်ဆောင်ရွက် ထားရှိပါတယ်။
မေး။ ကျောင်းသား/သူတွေကို ကာကွယ်ဆေးထိုးနှံဖို့အသိပညာပေးမှုတွေကိုဘယ်လို ဆောင်ရွက် ထားပါသလဲရှင့်။
ဖြေ။ အပြင်ပိုင်းသဏ္ဍန်အနေနဲ့ ခြောက်ပေ၊ လေးပေရှိတဲ့ လှုံ့ဆော်ရေးပိုစတာတွေ စိုက်ထူထားပြီး အတွင်းပိုင်းဆိုင်ရာအနေဖြင့် သက်ဆိုင်ရာ ဆရာ/မများကတစ်ဆင့် ရပ်ကွက်၊ကျေးရွာများတွင် ကာကွယ်ဆေးထိုးနှံဖို့ အသိပညာပေးအကြောင်းကြား ထားပါတယ်။
မေး။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေပြေ ဆောင်ရွက်နိုင်ဖို့ ပူးပေါင်းပါဝင်မည့် ဌာနအဖွဲ့အစည်းတွေကိုလဲ ပြောကြားပေးပါရှင်။
ဖြေ။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံဖို့က ကျန်းမာရေးဌာနက အဓိကကျပါတယ် ကူညီပူးပေါင်း ဆောင်ရွက်မည့်ဌာနတွေက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ အဓိကထားပြီးလုံခြုံရေးအတွက် မြို့နယ် ရပ်တပ်ဖွဲ့နှင့်အခြားဌာနဆိုင်ရာများ ပူးပေါင်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ စီမံခန့်ခွဲမှုနှင့်အတူ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနိုင်မှုအပေါ် ဆရာကြီး၏ပီတိစကားသံလေး ပြောကြားပေးပါ ရှင့်။
ဖြေ။ ကျောင်းတွေဖွင့်တာကိုကြိုဆိုပါတယ် ကျောင်းတံခါးတစ်ချပ်ဖွင့်ရင် ထောင်တံခါး တစ်ချပ်ပိတ်တယ်လို့ ကြားဖူးပါတယ်။ ကျောင်းတွေဖွင့်ဖို့အတွက် လိုအပ်ချက်တွေရှိပါတယ် ကျောင်းတွေက ပိတ်တာမဟုတ်ပါဘူး ကိုဗစ်-၁၉ ကြောင့် သင်ကြားမှုရပ်နားထားတာပါ။ ကိုဗစ်-၁၉ ရောဂါ တွန်းလှန်လို့လည်း မရတားဆီးလို့လည်းမရသလို ယှဉ်တွဲရင်ဆိုင်တွန်းလှန်ဖို့ ပြင်ဆင်ထားပါတယ်။ ကျောင်းတွေဖွင့်နိုင်ဖို့ ကာကွယ်ဆေးထိုးပေးတာကို ဝမ်းသာပါတယ်။ ကျွန်တော်တို့ လိုလားနေတဲ့ စာသင်ကြားခြင်းအလုပ်တွေကို ပြန်လည်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ လူသားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာပညာရေးက အရေးပါပါတယ်။ နေရာအနှံ ပြန့်ကျဲနေတဲ့ပန်းလေးတွေကို ပန်းခင်းကြီးတစ်ခုဖြစ်အောင် ပြန်လည်စုစည်းနိုင်တော့မှာဖြစ်ပါ တယ်။ နေရာအနှံပြန့်ကျဲနေတဲ့ ပန်းလေးတွေကို ပြန်လည်စုစည်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးတဲ့ နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်။ ထို့အတူသက်ဆိုင် ရာဌာန အသီးသီးကိုလည်း ကျေးဇူးတင်ပါတယ်။
ယခုလိုဆွေးနွေးပြောကြားပေးသော ဆရာကြီးကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင်။
သန်းသန်းဆင့်