ဘားအံ အောက်တိုဘာ ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကရင်ပြည်နယ် ၊ ဘားအံခရိုင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ၊ ဘားအံခရိုင်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင် ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်း စီမံချက် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဘားအံခရိုင်တာဝန်ခံအရာရှိ ဒေါ်စိုးစိုးက “လူမှု ဘဝ ပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် ဆောင်ရွက်နေမှုများကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းနောင်က ပန်းခင်းစီမံချက်ဖြစ်ပေါ်လာပုံအကြောင်း ၊ ပန်းခင်းစီမံချက် ဆောင်ရွက် နေမှု အခြေအနေများ ၊ ပြည်သူ လူထုကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်အောင် ဆောင်ရွက်နေမှုအခြေအနေများ ၊ နိုင်ငံတော်မှ ဝန်ကြီးဌာနနှင့် ပြည်သူလူထု ၊ ဝန်ထမ်း များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမှု အခြေအနေများ ၊ မှတ်ပုံတင်ပြုလုပ်မည့် ပြည်သူများ ယူဆောင်လာရမည့် အထောက် အထားများကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ဆောင်ရွက်နေသည့် အခြေအနေများ ၊ ပန်းခင်းစီမံချက် ဆောင်ရွက် ရာတွင် ဌာနအနေဖြင့် ရင်ဆိုင်ရသည့်အခက်အခဲများကို ရင်ဆိုင်ကျော် လွှားနိုင်မှုအခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံခရိုင်ရုံးအနေဖြင့် ၃-၅-၂၀၂၁ ရက်နေ့မှ စတင်၍ ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ဘားအံခရိုင်အတွင်းရှိ ဘားအံမြို့နယ်တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၉၅၈၆)ကတ် ၊ လှိုင်းဘွဲမြို့နယ်တွင်(၅၀၂၀)ကတ် ၊ သံတောင်ကြီး မြို့နယ် တွင်(၅၅၁)ကတ် စုစုပေါင်း(၁၅၁၅၇) ကတ် ၊ အိမ်ထောင်စု လူဦးရေ စာရင်းများကို ဘားအံမြို့နယ်တွင် (၁၇၆၇)အိမ်ထောင်စု ၊ လှိုင်းဘွဲမြို့နယ်အနေဖြင့် (၅၀၉) အိမ်ထောင်စု ၊ သံတောင်ကြီး မြို့နယ်တွင် (၁၅၄) အိမ်ထောင်စု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အိမ်ထောင်စုစုစုပေါင်း (၂၄၃၀) ဆောင်ရွက်နိုင်ခဲ့ကြောင်း လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံခရိုင်ဦးစီးမှူး ဦးမင်းနောင်ထံမှ သိရသည်။
ခရိုင် ( ပြန်/ဆက် )