လိပ်သို အောက်တိုဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်ပြီး ဥယျာဉ်ခြံ လုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ရာသီသီးနှံများစွာရှိသည့်အနက် ချဉ်ပေါင်ဖာလာ သီးနှံသည်လည်း တစ်ခုအပါအ၀င် ဖြစ်သည်။ ယခုအခါ ရာသီပေါ်သီးနှံ တစ်ခုဖြစ်သော အဓိက စိုက်ပျိုးသီးနှံဖြစ်သည့် ချဉ်ပေါင်ဖာလာသီးပေါ်ချိန်ရောက်ရှိလာ၍ ဒေသခံ ပြည်သူများ ဆွတ်ခူး ထုတ်လုပ် ရောင်းချလျက်ရှိပြီး ပုံမှန်၀င်ငွေရရှိနေကြောင်း သိရှိရသည်။
ဒေသထွက်ကုန်တစ်မျိုးဖြစ်သော ချဉ်ပေါင်ဖာလာသီးများကို ကိုဗစ်-၁၉ ရောဂါ ကာလ အတွင်း စား၀တ် နေရေးအခက်အခဲများ အဆင်ပြေနိုင်ရန် ဆွတ်ခူးရောင်းချနေကြပြီး ဒေသခံ တောင်သူ များအနေဖြင့် ယခင်က ချဉ်ပေါင် ဖာလာတစ်ပိဿာကို ကျပ် (၁၀၀၀ဝိ/-) နှင့်အထက် ရရှိခဲ့ပြီး လက်ရှိလိပ်သိုမြို့ပေါ်တွင် ချဉ်ပေါင်ဖာလာ အခွံအုပ်ခြောက် တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ခန့် ရောင်းချနေရပြီး ယခုနှစ်တွင် စျေးကွက်မရရှိခြင်းကြောင့် စျေးကောင်းရရှိရန် မျှော်လင့်နေကြောင်း ချဉ်ပေါင်ဖာလာ စိုက်ပျိုးသူ ဒေသခံတောင်သူ တစ်ဦးထံမှ သိရှိရသည်။
လိပ်သိုဒေသသည် အဓိကသီးနှံအဖြစ် ဖာလာသီးနှံအပြင် အခြားသီးနှံများဖြစ်သည့် ကော်ဖီ၊ ဒညင်း၊ ကွမ်းသီး၊ ကွမ်းရွက် ၊ ဒူးရင်းသီး ၊ လိုင်ချီးသီး ၊ နာနတ်သီးနှင့် နနွင်းများကို လည်း စျေးကွက်သီးနှံအဖြစ် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရ သည်။
နွယ်နွယ်ခိုင်