ကျွန်းစုမြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နယ်လှည့်၍ ထိုးနှံပေး

ကျွန်းစု အောက်တိုဘာ ၁၅

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အောက်တိုဘာလ(၁၃) ရက် နေ့မှစ၍ အသက်(၁၈)နှစ်အထက်ရှိသူများအား ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကိုနယ်လှည့်၍ လိုက်လံ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံပေးရာတွင်  မြိတ်မြို့ (၅/၁၀၀)စစ်‌ဆေးရုံမှ အရာရှိ၊ စစ်သည်များပါဝင်သော ဆေးထိုးအဖွဲ့နှင့် ကျန်းမာရေး ဝန်ထမ်းများက ကံမော်ကျေးရွာ၊ သဲချောင်းကျေးရွာ၊ ရေကန်တောင်ကျေးရွာတို့၌ အသက်(၁၈)နှစ်အထက်ရှိသူများအား ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။

 

ကျွန်းစုမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ရှိသူများအား ကာကွယ်ဆေးထိုးနှံပေးရန်အတွက်  Sinopharm  (CHINA) ထုတ် ကိုဗစ် ကာကွယ်ဆေး လူဦးရေ (၇၀၀၀)အတွက် ရရှိပြီး ကံမော်ကျေးရွာ၌ (၁၆၀၀)ဦး၊ သဲချောင်းကျေးရွာ၌ (၁၂၀၀)ဦး၊ ရေ‌ကန် တောင်ကျေးရွာ၌ (၁၂၀၀)ဦး၊ စုစုပေါင်း လူဦးရေ(၄၀၀၀)အတွက် နယ်လှည့်ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ အဆိုပါကျေးရွာများ၌ အောက်တိုဘာလ(၁၄)ရက်နေ့အထိ ကာကွယ်ဆေးလာရောက် ထိုးနှံသူ စုစုပေါင်း (၂၂၇၀)ဦး ရှိပြီး ကျန်ရှိနေသော ကာကွယ် ဆေးများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ယနေ့တွင် သတ်မှတ်‌နေရာများ၌ ဆက်လက် ထိုးနှံ ပေးလျက်ရှိ‌ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)