လှိုင်းဘွဲ အောက်တိုဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဒေသနေပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်အတွက် အောက်တိုဘာလ (၁၀) ရက်နေ့မှ စတင်ကာ အသက်(၄၅)နှစ် အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ တပ်ရင်း/ တပ်ဖွဲ့ဝင်များ၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထုများ၊ နာတာရှည်နှင့် မကူးစက် နိုင်သော ရောဂါရှိသူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ယနေ့နံနက်ပိုင်းက လှိုင်းဘွဲ မြို့နယ် အောင်ဆန်းခန်းမ၌ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ စောငြိမ်းထွန်းနှင့် တာဝန်ရှိသူများက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များကို တာဝန်ရှိသူများတို့အား မှာကြားခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအနေဖြင့် ထိုးနှံနိုင်ရေး အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ပြီး လှိုင်းဘွဲမြို့အောင်ဆန်းခန်းမ၊ ရွှေဂွန်းတိုက်နယ်ဆေးရုံ၊ မြိုင်ကြီးငူတိုက်နယ်ဆေးရုံနှင့် ပိုင်ကျုံမြို့တိုက်နယ်ဆေးရုံ စုရပ်(၄)ခုတွင် အောက်တိုဘာလ (၁၀) ရက် ယမန်နေ့အထိ စုစုပေါင်း (၆၃၈၅၅) ဦး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)