အုတ်တွင်းမြို့နယ်တွင် ပန်းခင်းစီမံချက် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

အုတ်တွင်း အောက်တိုဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အုတ်တွင်း မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက တလုတ်ကုန်းကျေးရွာ၊ သာသနာ့ဂုဏ်ရည် ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် တလုတ်ကုန်းကျေးရွာမှ မိသားစုဝင်များအား အိမ်ထောင်စုလူဦးရေစာရင်း​နှင့် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ရာ နိုင်၃(က) ပြုလုပ်သူ(၁၉)ဦး၊ နိုင်၆(က)ပြုလုပ်သူ(၂၆)ဦး၊ လဲလှယ်(၂၈)ဦး၊ မိတ္တူ(၄)ဦး စုစုပေါင်း(၇၇)ဦးတို့အား ​နေ့ချင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင် များက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ပန်းခင်းစီမံချက်ကာလ သတ်မှတ်ချက် မှာ ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ထိ ဆောင်ရွက်ပေးမှာ ဖြစ်ပြီး အုတ်တွင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရ မည့် လူဦးရေ လျာထားချက်မှာ (၅၆၉၁) ဦးရှိပါကြောင်း၊ ပြုလုပ်ရန် ကျန်ရှိသော ရပ်ကွက်/ ကျေးရွာများမှ အသက်(၁၈)နှစ်ပြည့်ပြီးသူများကို လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အား ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း​ အုတ်တွင်းမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)