နောင်မွန်မြို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံ ငွေဖြင့်ဆောက်လုပ်သည့် မြို့နယ်တရားရုံးအဆောက်အအုံသစ်ဖွင့်လှစ်

နောင်မွန်  ဩဂုတ် ၁၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည့် မြို့နယ်တရားရုံး အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက အဆိုပါ ရုံးသစ်အဆောက်အအုံသစ်ရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ သင်းအုပ်ဆရာတော်များက ရုံးအဆောက်အအုံသစ်အား ဆုတောင်းအပ်နှံခဲ့ကြပြီး ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်တရားသူကြီး ဦးတူးမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမဘုဒဂုံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်၊ လေးမြို့နဒီ ဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာ ဦးချစ်ပိုင်လင်း တို့က မင်္ဂလာအချိန် ကျရောက်သည်နှင့်တစ်ပြိုင်နက် ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြကာ ရဝမ်ရိုးရာယဉ်ကျေးမှုအဖွဲ့ လူငယ်မောင်မယ်များက ရဝမ်ရိုးရာအကဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

အခမ်းအနားတွင် ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာက ပြည်ထောင်စုတရား လွှတ်တော်ချုပ်က အများပြည်သူသို့ အရည်အသွေးမြင့် တရားမျှတမှုကို ဖြည့်ဆည်းပေးရန်၊ တရားရုံးများ အပေါ် ပြည်သူလူထု၏ စိတ်ချယုံကြည်မှုနှင့် ထိရောက်မှုရှိသည့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန် ဟူသော ရည်မှန်းချက်များဖြင့်(၅)နှစ်တာတရားစီရင်ရေး မဟာဗျူဟာစီမံကိန်း ၂၀၁၉-၂၀၂၀ ကို ရေးဆွဲအကောင်အထည်ဖော်လျက် ရှိကြောင်း၊ ယခုလို တရားရုံးသစ်ဖွင့် လှစ်ရခြင်းမှာ အများပြည်သူ လက်လှမ်းမီနိုင်မှုကို လွယ်ကူတိုးတက်စေရေး အတွက်အထောက်အကူဖြစ်စေမည်ဟု ယုံကြည်မျှော်လင့် ပါကြောင်း ပြောကြားသည်။

ထို့နောက် လေးမြို့နဒီ ဆောက်လုပ်ရေးကုမ္ပဏီဒါရိုက်တာ ဦးချစ်ပိုင်လင်းက မြို့နယ်တရားရုံး အဆောက်အအုံသစ် ဆောက်လုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး နောင်မွန်မြို့နယ် တရားသူကြီး ဦးဟန်စိုးမင်း က ရုံးအဆောက်အအုံသစ် ဖွင့်လှစ်ခြင်းအထိမ်းအမှတ် အလံများကို ပေးအပ်ခဲ့သည်။

အဆိုပါရုံးအဆောက်အအုံသစ်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ် (၂၂၃.၁၆) သန်းဖြင့် အလျား(၈၂) ပေ၊ အနံ(၅၆)ပေ RC တစ်ထပ်တိုက်ကို ကချင်ပြည်နယ် တရားလွှတ်တော်နှင့် ပူတာအိုခရိုင်တရားရုံးတို့မှ ကြီးကြပ်ကာ တင်ဒါအောင်မြင်ခဲ့သည့် လေးမြို့နဒီဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ပြီးစီး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။                                                        

ချန်းဖုန်ရမ် (ပြန်/ဆက်)