ပွင့်ဖြူမြို့နယ်တွင် ယနေ့ ဒေသခံပြည်သူ ၂၂၈၀ ဦး ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံ

 

ပွင့်ဖြူ       အောက်တိုဘာ      ၁၄

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင်  ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှမထိုးနှံရသေးသော အသက်(၁၈) နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၄) နေရာခွဲ၍  ဆက်လက် ထိုးနှံပေးရာ အောက်တိုဘာ ၁၄ ရက် ၊ ယနေ့တွင် ဒေသခံပြည်သူ ၂၂၈၀ ဦး လာရောက်ကာကွယ်ဆေး ထိုးနှံခဲ့ ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပြည်သူများ အဆင်ပြေစွာထိုးနှံနိုင်ရေးအတွက် မြို့နယ် အထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း ၊ ကုန်းဇောင်းကျေးရွာ(အ.ထ.က)ကျောင်း ၊ လယ်ကိုင်းကျေးရွာ (အ.ထ.က) ကျောင်းနှင့် မဲဇလဲကျေးရွာ(အ.ထ.က)ကျောင်းတို့တွင် ဆေးထိုးစုရပ်ခွဲပြီး ထိုးနှံဆောင်ရွက်ပေးနေကြောင်း သိရသည်။  ယနေ့ ဆေးထိုးစုရပ် (၄)နေရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၂၂၈၀ ဦး ရှိကြောင်း သိရပြီး  ဆေးထိုး စုရပ်များ အလိုက် ကာကွယ်ဆေး လာရောက်ထိုးနှံသူများ စိတ်အေးချမ်းစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ၏ အနီးကပ် ကြီးကြပ်မှုဖြင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်စေတနာ့ဝန် ထမ်း(Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

 

ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပျံ့ပွားမှုလျော့နည်း ပပျောက်စေ ရေးအတွက်  အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးမထိုးနှံရသေးသူများကို သက်ဆိုင်ရာဆေးထိုးစုရပ်များတွင် မပျက်မကွက် ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက အသံချဲ့စက် ဖြင့် နေ့စဉ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရကာ  အောက်တိုဘာ (၁၀)ရက်နေ့မှ ယနေ့အထိ  ကာကွယ်ဆေးလာရောက် ထိုးနှံသူဦးရေ စုစုပေါင်း ၈၃၆၅ ဦး ရှိပြီဖြစ်ကြောင်း  ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)