နန်းယွန်း အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေပိုင်း (၃)နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နန်းယွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာတင်ဦးက မြို့နယ်အဆင့် ဌာနဆိုင်ရာ များအနေဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းများတွင် မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ကြပြီး မြို့၀င်/ထွက် စစ်ဆေးရေးဂိတ်၊ ဂျူစင်တာများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် နန်းယွန်း မြို့နယ်တွင် ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် နန်းယွန်း၊ ပန်ဆောင်၊ ဒုံဟီးမြို့တို့တွင် ကာကွယ်ဆေးထိုးရန် ဇုံ(၃)ခု၊ သတ်မှတ်ကာ သက်ဆိုင်ရာ ဌာနဆိုင်ရာများ အား တာဝန်ပေးစီမံ ဆောင်ရွက်လျက်ရှိကြောင်းကို ဆွေးနွေးခဲ့သည်။
ထို့နောက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို မြို့ပေါ်(၃) ရပ်ကွက်အတွင်းသို့ (၁၃-၁၀-၂၀၂၁) ရက်နေ့ညနေပိုင်း (၇) နာရီခွဲမှစတင်၍နေ့စဉ် တစ်ရက်(၂)ကြိမ်၊ အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်/ဆက်ဌာန၊ လူမှုဝန်ထမ်းဌာနနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိဌာနအလိုက် တင်ပြဆွေးနွေးခဲ့ကြပြီး တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။
ဟန်ကမ်း(နန်းယွန်း)