ပူတာအို ဩဂုတ် ၁၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း အဆင့်ကျောင်းများအတွက် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ စာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို (ကသာ)က စာရေးကိရိယာပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့် တက္ကသိုလ် ဝင်တန်း အောင်မြင်သည့် ကျောင်းသူ/ကျောင်းသားများအား ဂုဏ်ပြုရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ)၊ ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦး၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပူတာအို) ကျောင်းအုပ်ကြီး ဦးသိန်းလှမောင်တို့က စာရေးဆရာ အကြီးကိုကိုက လှူဒါန်းသော စာအုပ်၊ ဘောပင်၊ ပေတံနှင့် ဂုဏ်ပြုဆုငွေများ၊ နယ်စပ်ရေးရာ၀န်ကြီးဌာနမှ အ.ထ.က(ပူတာအို)အတွက်လှူဒါန်းသော Hand gel နှင့် လက်ဆေးဆပ်ပြာရည်များကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကာ မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်က လှူဒါန်းပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါလှူဒါန်းပွဲတွင် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီး ကိုကို(ကသာ)က ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်း(၁၃)ကျောင်း အတွက် ဗလာစာအုပ်(၂၆၀)ဒါဇင်၊ ဘောပင်(၁၃၀)ဘူး၊ ပေတံ(၇၈)ဘူး၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(ပူတာအို)မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသားနှစ်ဦးအား တစ်ဘာသာလျှင် တစ်သိန်းနှုန်းဖြင့် ငွေကျပ်သုံးသိန်း၊ ဝေးလံခက်ခဲသော ဒေသဖြစ်သည့် အ.ထ.က (ခေါင်လန်ဖူး)နှင့် အ.ထ.က (ဇန်ယော့)တို့မှ ရိုးရိုးအောင်မြင်သူ ကျောင်းသူ/ကျောင်းသား နှစ်ဦးအတွက် တစ်ဦးလျှင်တစ်သိန်းနှုန်းဖြင့် ငွေကျပ်နှစ်သိန်း စုစုပေါင်း ငွေကျပ် ငါးသိန်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အထက(ပူတာအို)အတွက် Hand gel (၅၀)ဘူး၊ လက်ဆေး ဆပ်ပြာရည်(၅၀)ဘူး၊ လက်ဆေးဘေစင်(၂)ခုတို့ကို ပေးအပ်လှူဒါန်း ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပြန်/ဆက်)