မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂၆/၂၀၂၁) ကျင်းပ

မင်းဘူး အောက်တိုဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂၅/၂၀၂၁)ကို ယနေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အမှာစကားပြောကြားရာ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ် ထိုးနှံပေးနိုင်ရေးနှင့် ခရိုင်အတွင်းအရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘကကျောင်းများမှ အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသားများကို Phase-3 ပထမအကြိမ်အဖြစ် ကိုဗစ်ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေး နိုင်းရေး ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားနိုင်ရေး စသည်တို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရာတွင် လုံခြုံရေးဆောင်ရွက်သွားမည့် အခြေအနေများ၊ Phase-2 ဒုတိယအသုတ် ပထမ အကြိမ် ထိုးနှံပြီးစီးမှုအခြေအနေများ၊ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားများကို ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆေးထိုးစင်တာများ တိုးချဲ့ဆောင်ရွက်ထားရှိမှုနှင့် ကြိုတင်ပြင်ဆင် ထားရှိမှုအခြေအနေများ၊ ဆေးကုသမှုအခြေအနေများ၊ အောက်စီဂျင်စက်ရုံလည်ပတ်ဆောင်နေမှုများ၊ ဌာနဆိုင်ရာများ ဆောင်ရွက်နေသောလုပ်ငန်း များနှင့်ပတ်သက်၍ သတင်းထုတ်ပြန်နိုင်ရေး ကိစ္စရပ် များနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးကြရာ တင်ပြလာမှုအပေါ် ခရိုင်ကိုဗစ် ကော်မတီဥက္ကဌမှ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လမ်းညွှန်မှာ ကြားခဲ့သည်။

မင်းဘူးခရိုင်အတွင်း မြို့နယ် (၅)မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂) နှစ်နှင့် အထက် ကျောင်းသားဦးရေပေါင်း (၂၄၀၀၀)ကျော်အား (၆၄)နေရာခွဲ၍ ကိုဗစ်ကာကွယ်ဆေးများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁၇ ရက်နေ့မှစတင်ကာ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ခရိုင်ကိုဗစ်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်  ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)