ဝက်လက် အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို တတိယအသုတ်၊ ပထမအကြိမ် အဖြစ် လူဦးရေ ၃၀၀၀ ဦး ကို စုရပ် ၃ ခုတွင် ယနေ့ နှင့် ၁၅ ရက်နေ့ တို့တွင် နံနက် ၈ နာရီ မှ ညနေ ၃ နာရီ အထိ ဆက်လက် ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရာတွင် ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသော ရဟန်းသံဃာများ၊ သီလရှင်များ၊ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွားများ၊ ကာကွယ်ဆေး မထိုးရသေးသည့် နိုင်ငံ့ ဝန်ထမ်းများ၊ စျေးရောင်းချသူများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများကို ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို မြို့နယ်အဆင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီမှ ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ က ပူးပေါင်းကာ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝက်လက်မြို့နယ် ကျန်းမာရေး ဝန်ထမ်းများကလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကာကွယ်ဆေး မထိုးမီလိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဖြစ်သည့် အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ ဆောင်ရွက်ပေးကာ ပုံမှန် အနေအထားရောက်မှ ကာကွယ်ဆေး ထိုးနှံပေးပြီး၊ ဆေးထိုးပြီးသူ များကိုလည်း မိနစ် ၃၀ အနားယူစေခြင်းများ ဆောင်ရွက်ပေးလျက် ကာကွယ်ဆေးများ ဆက်လက် ထိုနှံပေး လျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးရာ စုရပ် ၃ ခုသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးဉာဏ်လှိုင်နှင့် အဖွဲ့ဝင်များက ကာကွယ်ဆေးထိုနှံနေရာသို့ လာရောက်ကြည့်ရှု ခဲ့ကြောင်း သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)