ပွင့်ဖြူ အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများကို ယနေ့နံနက်ပိုင်းက စတင်ကာ ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးနေကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို လူဦးရေ ၅၀၀၀ အား ထိုးနှံဆောင်ရွက် ပေးရမည်ဖြစ်ပြီး ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၄) နေရာဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ လယ်ကိုင်း ကျေးရွာ(အ.ထ.က)ကျောင်း၊ ကုန်းဇောင်းကျေးရွာ (အ.ထ.က) ကျောင်း၊ မဲဇလီကျေးရွာ(အ.ထ.က)ကျောင်းတို့တွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၄)နေရာတွင် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးပြီး ကာကွယ်ဆေး လာရောက် ထိုးနှံသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပြန့်ပွားမှု လျော့နည်း ပပျောက်စေရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ပြည်သူများကိုလည်း အောက်တိုဘာ (၁၀)ရက်နေ့ကစတင်၍ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများကိုလည်း သက်ဆိုင်ရာ ဆေးထိုးစုရပ်များအလိုက် မပျက်မကွက် ကာကွယ်ဆေး သွားရောက် ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများက အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)