ဂန့်ဂေါ အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား စတုတ္ထ အသုတ် ပထမအကြိမ်(တတိယ)နေ့အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မိုးလုံလေလုံအားကစား ခန်းမ၌ စတင်ထိုးနှံပေးနေကြောင်း ဂန့်ဂေါမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ဂန့်ဂေါမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအတွက် စတုတ္ထအသုတ် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံရန် ဆေးအလုံးရေ (၅၀၀) လုံးရရှိထားပြီး လူဦးရေ ၂၅၀၀ ဦးပြည့်သည်အထိ အောက်တိုဘာ ၁၂ ရက်နေ့မှစ၍ နေ့စဉ် နံနက် ၉ နာရီမှ ၁၁ နာရီခွဲ၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး ပထမနေ့တွင် (၃၈၅)ဦးနှင့် ဒုတိယနေ့တွင် (၃၉၀)ဦးတို့ လာရောက်ထိုးနှံကြကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် Yaw Rescue ပရဟိတအဖွဲ့ဝင်များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)