မုံရွာ အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မုံရွာမြို့နယ် ဦးစီးမှူး ဦးဆန်းမင်းအောင် ဦးဆောင်သောဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မုံရွာမြို့နယ် သာစည်ကျေးရွာ ဆည်တော်မြင်တဝဂူဘုန်ကြီးကျောင်း စိတ္တသုခဓမ္မာရုံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအညီ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မုံရွာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာမြင့်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မုံရွာမြို့နယ်ဦးစီးမှူး ဦးဆန်းမင်းအောင်တို့က ပန်းခင်းစီမချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြုလုပ် ထုတ်ပေးရခြင်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ပြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက သာစည်ကျေးရွာအုပ်စုအတွင်းရှိ ကိုးပင်၊ ထန်းပင်လှ၊ ဘုရားကြီး၊ ရွာသာ၊ တွင်းချောင်း စသည့် ကျေးရွာ(၅)ရွာမှ အသက်(၁၀)နှစ်ပြည့်သူများနှင့် အသက်(၁၈)နှစ် ပြည့်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား(၁၂၀)ဦးအား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မုံရွာမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့နယ်ရှိ ရပ်ကွက်ကျေးရွာအုပ်စုများသို့ ”လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်း၊ ရုံးသို့ခေါ်ယူ ဆောင်ရွက်ခြင်း လုပ်ငန်းများကို မေလ(၃)ရက်နေ့မှစတင်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့အချိန်အထိ အသက်(၁၈)ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၁၀၅၇)ဦးကို လည်းကောင်း၊ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၆၀၄)ဦးကို လည်းကောင်း၊ စုစုပေါင်းနိုင်ငံသားစိစစ်ရေးကတ်ပြား (၁၆၆၁)ဦးကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်စုများမှ တာဝန်ရှိသူများထံသို့ ပေးအပ်ထုတ်ပေးပြီးကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)