ကျုံပျော်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ ၄၇၀၀၀‌ ဦးခန့်ရှိပြီး၊ ကာကွယ်ဆေးများလည်း ဆက်လက်ထိုးနှံပေး

ကျုံပျော် အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကာကွယ်ဆေးများထိုးနှံပေးလျှက်ရှိရာ ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ ၄၇၀၀၀ ဦးခန့်ရှိပြီး၊ သတ်မှတ်ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေးများလည်း ဆက်လက် ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံရာတွင် မြို့နယ်အတွင်းရှိတိုက်နယ် (၅)ခုလုံးရှိ ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိပြီး၊ မြို့မတိုက်နယ်အတွက် ပြည်သူ့အားကစားခန်းမအတွင်း၌ ထိုးနှံပေး လျှက်ရှိကြောင်း၊ ဆေးထိုးလာရောက်သူများ အဆင်ပြေစေရေးအတွက် မြို့နယ်ဆေးထိုးကြီးကြပ် အဖွဲ့များနှင့် ပရဟိတအဖွဲ့များက ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ကျုံပျော်တွင် လက်ရှိကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားမှုနှုန်း သိသာစွာလျော့ကျခဲ့ပြီး၊ ယခုလည်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၇၀)မှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ (၇၁၀၃) ဦးကို၊ ဆေးထိုးအဖွဲ့(၉)ဖွဲ့၊ ဆေးထိုးစုရပ်(၁၄)ခုဖြင့် အောက်တိုဘာ ၁၆ ရက်မှစတင်ကာ ကာကွယ်ဆေးများ ထိုးနှံပေးသွားတော့မည်ဖြစ်ကြောင်း၊ ဆေးထိုးနှံမှုကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက်လည်း လက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊ အသိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် အသံချဲ့စက်များဖြင့် လှုံဆော်ကြေညာခြင်းများကိုလည်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)