ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးရန်ကျန်ရှိသူ (၂၁၈၉၃)ဦးတို့အား ဆက်လက် ထိုးနှံပေးလျက်ရှိ

ကြို့ပင်ကောက် အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်က မဟာလောကသီရိဘုရားကြီးတွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား နံနက် ၉ နာရီမှစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့တွင် လူဦးရေစုစုပေါင်း (၁၂၃၉၆၅) ဦးခန့်ရှိရာ ပထမအကြိမ် ကာကွယ်ဆေး ထိုးပြီးသူ (၃၄၄၀၆)ဦး၊ နှစ်ကြိမ်အပြည့် ကာကွယ်ဆေးထိုးပြီးသူ (၁၂၅၁၃)ဦးတို့ရှိကြောင်း ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးရန်ကျန်ရှိသူ (၂၁၈၉၃)ဦးတို့အား သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အခြေခံပညာကျောင်းပေါင်း (၃၇)ကျောင်းမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူ (၄၀၉၆)ဦးခန့်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် အတွက် ရောဂါကာကွယ်ဆေးများ ရောက်ရှိပါက မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ဖြင့် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)