သာယာဝတီ အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် စီစဉ်ကြီးကြပ်မှုဖြင့် အသက်(၁၂)မှ (၁၈)နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ပတ်သက်၍ သိရှိနိုင်ရန် အသိပေးကြညာချက်များကို ယနေ့ နံနက်က မြို့နယ်ဂရုဏာသွေးလှူရှင် အသင်းမှ မော်တော်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များတွင် အသိပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်တွင် သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထက်တန်း၊ အလယ်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် ကျောင်းအပ်နှံထားရှိပြီး သူများ၊ ဆေးလာရောက် ထိုးနှံရာတွင် မိဘအုပ်ထိန်းသူများ လိုက်ပါလာရန်၊ ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် မှတ်ပုံတင်ရှိပါက ယူဆောင်လာရန်၊ မွေးသက္ကရာဇ် အမှန်ဖော်ပြနိုင်ရေးအတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးမှ ထောက်ခံချက်များနှင့် ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ လိုအပ်သည့် အချက်အလက်များအား တစ်ပါတည်း ယူဆောင်၍ ဆေးထိုးနှံရမည်ဖြစ်ကြောင်း အသိပေးလိုက်လံ နှိုးဆော်ပေးခဲ့သည်။
သာယာဝတီမြို့နယ်အတွင်း အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အတွင်း အခြေခံပညာ အထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ(၈၃၁၄)ဦးအား ဆေးထိုးခြင်းလုပ်ငန်းများကိုစတင် ဆောင်ရွက် သွားမှာဖြစ်ပြီး ဆေးထိုးအဖွဲ့ (၁၀)ဖွဲ့ဖြင့် သက်ဆိုင်ရာ ဆေးထိုးစုရပ် (၁၂)ခုတွင် ပထမအကြိမ် ဆေးထိုးနှံခြင်းကို အောက်တိုဘာလ တတိယပတ်မှ နိုဝင်ဘာလပထမပတ်အတွင်းနှင့် ဒုတိယအကြိမ် ဆေးထိုးနှံခြင်းကို နိုဝင်ဘာလ ဒုတိယပတ်မှ ဒီဇင်ဘာလ ပထမပတ်အတွင်း ဆေးထိုးနှံခြင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာ်မတီမှ သိရှိရသည်။
သန့်ဇော် (ပြန်/ဆက်)