ပုသိမ် အောက်တိုဘာ ၁၄
ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့သည် အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသူ ကျောင်းသားများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် ယမန်နေ့က မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တတိယအကြိမ် တွေ့ဆုံစည်းဝေးခဲ့ပါသည်။ ထို့အပြင် ဆေးထိုးစုရပ်များသို့ မြေပြင်ကွင်းဆင်း စစ်ဆေး၍ လိုအပ်ချက်များ ပေါင်းစပ်ဆောင်ရွက်ခြင်းများလည်းရှိခဲ့ပြီး ယခုအခါ ပုသိမ်မြို့နယ်အတွင်းရှိ ကျောင်းသူ ကျောင်းသားများအား ဆေးထိုးရန်နေရာများအဖြစ် မြို့ပေါ်ရပ်ကွက်တွင် ၈ နေရာသတ်မှတ်ထားပြီး၊ ကျေးလက်ဒေသများတွင် ၃၀ နေရာ၊ စုစုပေါင်း နေရာ ၃၈ နေရာတွင် ကျောင်းသူကျောင်းသား ၁၃၀၀၀ ခန့် ကို ဆေးထိုးနှံပေးသွားမည်ဖြစ်ပါသည်။ ထိုသို့ ဆေးထိုးနှံရာတွင် သတ်မှတ်နေရာများအလိုက် တစ်ရက်လျှင် ပျမ်းမျှ ဦးရေ ၃၀၀ နှုန်းဖြင့် ၄ ရက်တာအတွင်း စီမံချက်ရေးဆွဲထားရှိပြီးဖြစ်သည်။
ကြိုတင်ပြင်ဆင်မှုများအနေဖြင့် ကျောင်းပြင်ပကြိုတင်ပြင်ဆင်ခြင်းနှင့် ကျောင်းအတွင်း ကြိုတင်ပြင်ဆင် ခြင်းဟူ၍ နှစ်ပိုင်းခွဲခြားလုပ်ဆောင်ထားရှိခဲ့ပြီး ကျောင်းပြင်ပ ကြိုတင်ပြင်ဆင်ရာတွင် ကျောင်းသူ ၊ကျောင်း သားများ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကြော်ငြာ ပိုစတာ ဗီနိုင်းများကပ်ခြင်း၊ ရပ်ကွက်အလိုက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင် ရွက်လျက်ရှိပါ သည်။ ကျောင်းအတွင်းပြင်ဆင်မှု အပိုင်းအနေဖြင့် ပထမဦးစွာ မော်တော်ယာဉ်၊ ဆိုင်ကယ်များ ရပ်နားရန် နေရာသတ်မှတ်ပေးထားခြင်း၊ ရောက်ရှိကြိုဆိုနေရာချထားခြင်းအခန်း၊ ကြော်ငြာသင်ပုန်းတွင် ကာကွယ် ဆေး ထိုးနှံရမည့် အမည်စာရင်း ရှာဖွေပေးခြင်း၊ မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ရယူနိုင်ရေး ကြိုတင်အသိပေးရမည့်အချက်များအား ကြိုတင်ဖတ်ကြားရှင်းလင်းခြင်းနှင ့်ပုံစံတွင်လက်မှတ်ရေးထိုးခြင်း၊
ဆေးစစ်ရန်အခန်းတွင်နေရာယူခြင်း၊ စာရင်းရေးသွင်းရန်နေရာတွင် အမည်စာရင်းမှတ်တမ်း ဖြည့်သွင်းခြင်း၊ ဆေးထိုးသည့်အခန်းတွင် နေရာယူခြင်းနှင့် ဆေးထိုးခြင်း၊ ဆေးထိုးပြီးနာရီဝက်နားရန်အခန်းတွင် ခေတ္တနား နေခြင်းတို့အတွက် ကြိုတင်ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ဆေးထိုးမည့်အဖွဲ့များအနေဖြင့် တပ်မတော်ဆေးတပ်ဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဆေးထိုးအဖွဲ့ ၁၄ ဖွဲ့စုဖွဲ့ထားရှိပါသည်။ ဆေးထိုးအဖွဲ့တစ်ဖွဲ့လျှင် ဆေးထိုးနှံရေးအဖွဲ့ခေါင်းဆောင်၊ ကျန်းမာ ရေးစစ်ဆေးသူ၊ ဆေးပြင်ပေးသူနှင့် ဆေးထိုးနှံမည့်သူဟူ၍ ၄ ဦး စုဖွဲ့ထားရှိကာ ဆေးထိုးမည့်နေရာ ပတ်ဝန်း ကျင် လုံခြုံရေးနေရာချထားမှုအား တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ယူဆောင်ရွက်မည် ဖြစ်ပြီး ကြီးကြပ်ရေးအဖွဲ့တွင် ဌာနဆိုင်ရာတာဝန်ခံအရာရှိ ၂ ဦး၊ ဆရာ/ဆရာမ ၁၂ ဦးနှင့် ရပ်ကျေး အုပ်ချုပ် ရေးမှူးနှင့်အဖွဲ့ ၅ ဦးတို့မှ နေရာအလိုက် တာဝန်ယူကြမည်ဖြစ်ပါသည်။ အရေးပေါ်အခြေအနေအတွက် ကြက်ခြေနီတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရေးပေါ်ယာဉ်တစ်စီး အသင့်စီစဉ်ထားရှိပြီးဖြစ်သည်။ဆေးထိုးရမည့်ရက်၊ ဆေးထိုးရမည့်နေရာများကိုလည်း ကြိုတင်ကြေညာခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပုသိမ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
မြင့်ဟန်