အထက်မင်းလှ အောက်တိုဘာ ၁၄
မင်္ဂလာပါရှင်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီမံဆောင်ရွက်ထားရှိမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နဲ့တွေ့ဆုံပြီး မေးမြန်းသွားမှာဖြစ်ပါတယ်ရှင်။
မေး။ ဆရာ မင်္ဂလာပါရှင့်။
ပထမဦးဆုံး ဆရာအမည်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး ဖြေကြား ပေးပါဦးရှင့်။
ဖြေ။ ကျွန်တော့်အမည်ကတော့ ဦးသန်းထွန်းအောင် ဖြစ်ပါတယ်။ မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖြစ်ပါတယ်။ မင်းလှမြို့နယ်မှာ လက်ရှိအခြေအနေမှာ ပြည်သူတွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေတဲ့ လုပ်ငန်းတွေ ဆောင်ရွက် နေပါတယ်။ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေး ထိုးနှံပေးဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ သက်ဆိုင်ရာအဖွဲ့တွေနဲ့ စီမံချက် ရေးဆွဲပြီး ကော်မတီများနဲ့ စနစ်တကျဆောင်ရွက်လျက်ရှိပါတယ်။
မေး။ မင်းလှမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးဖို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို သိပါရစေရှင့်။
ဖြေ။ မင်းလှမြို့နယ်မှာ အသက်(၁၂)နှစ်နဲ့အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၉၄၀)ရှိပါတယ်။ လက်ရှိမှာ ကလေးတွေက ကိုဗစ်-၁၉ရောဂါကြောင့် ကျောင်းတက်နိုင်ခြင်း မရှိသေးပါဘူး။ ကာကွယ်ဆေးထိုးနှံပေးဖို့အတွက် ဆေးထိုးစုရပ်(၈)နေရာ သတ်မှတ်ထားပါ တယ်။ ကျောင်းပေါင်း(၁၁၇)ကျောင်းမှာ အဖွဲ့အလိုက်ကွင်းဆင်းပြီး ထိုးနှံပေးဖို့ စီမံထားပါ တယ်။ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ၊ ပရဟိတအဖွဲ့တွေ၊ ဆရာ/ဆရာမတွေ၊ ရပ်ကွက်/ကျေးအုပ်ချုပ်ရေးမှူးတွေနှင့် ပေါင်းစပ်ပြီး ကာကွယ်ဆေး ထိုးနှံဖို့ စီမံဆောင်ရွက်ထားပါတယ်။
မေး။ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံကြဖို့ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ထားမှုနှင့်ပတ်သက်ပြီး သိပါရစေရှင့်။
ဖြေ။ အသက်(၁၂)နှစ်နဲ့အထက် ကျောင်းသား/ကျောင်းသူတွေ ကာကွယ်ဆေး ထိုးနှံဖို့အတွက် အောက်တိုဘာလဆန်းက စတင်ပြီး လမ်းဆုံ၊လမ်းခွတွေ စာသင်ကျောင်းတွေမှာ ဗီနိုင်းတွေကပ်ခြင်း၊ ပြည်သူတွေသိအောင် လက်ကမ်းစာ စောင်ဖြန့်ဝေ ပေးတာတွေ ဆောင်ရွက်ပါတယ်။ ကလေးတွေ ကာကွယ်ဆေးထိုးနှံပေးရာမှာ အဓိက မိဘတွေပါဝင်ဖို့ လိုအပ်ပါတယ်။ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ/ဆရာမကြီးတွေ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက နေ့စဉ်အသံချဲ့စက်နဲ့ ကြေညာပေးတာတွေ ဆောင်ရွက်နေပါတယ်။ ကျောင်းတွေကလည်း မကြာမီပြန်ဖွင့်တော့မှာဖြစ်တဲ့အတွက် ကလေးတွေလည်း ကာကွယ်ဆေး ထိုးထားပြီဖြစ်တဲ့အတွက် ရောဂါကူးစက်မှုနည်းပြီး ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
မေး။ တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံပေးမည့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူဦးရေစာရင်းနဲ့ ဆေးထိုးစုရပ်နေရာတွေ စီစဉ်ဆောင်ရွက်ထားမှုကိုလည်း သိပါရစေရှင့်။
ဖြေ။ ဟုတ်ကဲ့ပါ။ မင်းလှမြို့နယ်မှာ ကျောင်းပေါင်း(၁၁၇)ကျောင်းရှိပါတယ်။ ကျား(၃၃၈၁)ဦး၊ မ(၃၅၅၉)ဦး၊ စုစုပေါင်း(၆၉၄၀)ဦးရှိပါတယ်။ ဆေးထိုးစုရပ်ဖြစ်တဲ့ အ.ထ.ကကျောင်းတွေကို အခြေခံထားပြီး ကျန်တဲ့ကျောင်းတွေကို ဆေးထိုးစုရပ်အလိုက် အဖွဲ့တွေကွင်းဆင်းပြီး ထိုးနှံနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။
မေး။ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကာကွယ်ဆေး ထိုးနှံဖို့အတွက် ဆေးအလုံးရေ လျာထားမှုအခြေအနေနှင့် ဆေးထိုးပေးမည့်နေ့ရက်တွေကို ဘယ်လိုစီစဉ် ဆောင်ရွက်ထားလဲဆိုတာ သိပါရစေရှင့်။
ဖြေ။ ဆေးရောက်မဲ့ အခြေအနေပေါ်မှာမူတည်ပြီး စတင်ထိုးနှံမှာဖြစ်ပါတယ်။ ပညာရေး ဌာနရဲ့ စီမံချက်အရ အောက်တိုဘာ ၁၆ ရက်မှာ စတင်ထိုးနှံမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိဆေးက သွားရောက်ထုတ်ဖို့ ဆောင်ရွက်ထားပါတယ်။ ဆေးအလုံးရေကတော့ ကျောင်းသား/ကျောင်းသူတွေရဲ့ အခြေအနေကိုမူတည်ပြီး ထုတ်ရမှာဖြစ်ပါတယ်။
မေး။ ကျောင်းသား/ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးရာမှာ အရေးပေါ် အခြေအနေဖြစ်လာခဲ့ရင် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်အောင် ဘယ်လိုစီစဉ် ဆောင်ရွက် ထားလည်း သိပါရစေရှင့်။
ဖြေ။ မင်းလှမြို့နယ်မှာ ဆေးထိုးစုရပ်(၈)နေရာရှိပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ ကား ပရဟိတ ကား(၁၂)စီးလောက်ရှိပါတယ်။ ကလေးတွေဆေးပြီးမှ မူးတာတွေ၊ ကျန်းမာရေး ကိစ္စတွေဖြစ်လာရင် အချိန်မီဆေးရုံဆေးခန်းပို့နိုင်ဖို့အတွက် ဆေးထိုးစုရပ်တိုင်းမှာ ပရဟိတ အဖွဲ့တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသင့်စီမံဆောင်ရွက်ထားဖို့ စီမံထား ပါတယ်။
မေး။ ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောကြားချင်တာလေးရှိရင် ပြောပြပေးပါရှင့်။
ဖြေ။ ဟုတ်ကဲ့ပါခင်ဗျာ။ နိုင်ငံတော်အစိုးရအနေနဲ့ အသက်(၁၂)နှစ်အထက် ကလေးတွေ အထက်တန်း၊ အလယ်တန်း ကျောင်းသား/ကျောင်းသူတွေကို ကာကွယ်ဆေးထိုးပေးတဲ့ လုပ်ငန်းက အများကြီးကောင်းပါတယ်။ ဒါမှလည်း အနာဂတ်မှာ ကလေးတွေရဲ့ ပညာရေး ဟာ ဆုံးခန်းတိုင်အောင် ပညာသင်ကြားနိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းရင် လည်း ကလေးတွေရဲ့ပညာပေးက ရပ်တန့်သွားမှာဖြစ်ပါတယ်။ အခုလိုကာကွယ်ဆေးကို နှစ်ကြိမ် အပြည့်အ၀ ထိုးလိုက်နိုင်မယ်ဆိုရင် ကလေးတွေဟာ ပညာရေးကာလမှာ ပညာ ပြည့်စုံအောင် သင်ကြားနိုင်မှာဖြစ်ပါတယ်။ ဒီကာကွယ်ဆေးထိုးလုပ်ငန်းဟာ ကောင်းတဲ့ လုပ်ငန်းဖြစ်တဲ့ အတွက် အဓိကပြည်သူတွေရော ရပ်ကွက်မှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့ အစည်းတွေရော၊ ပရဟိတအဖွဲ့တွေရော ဆေးထိုးတဲ့လုပ်ငန်းမှာ ထဲထဲဝင်ဝင် ထိထိရောက်ရောက်နဲ့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။
အခုလိုပြောကြားပေးတဲ့ဆရာ့ကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ ။
တွေ့ဆုံမေးမြန်း- ဇာဇာငြိမ်း(ပြန်/ဆက်)
ဓာတ်ပုံ - ဇော်ဇော်ဦး