စဉ့်ကိုင် အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မုန့်ပေါင်းကျေးရွာ အတွင်း အသက် (၁၂)နှစ်အထက် ကျောင်း သား၊ ကျောင်းသူများ ကိုဗစ် - ၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါကာ ကွယ်ထိန်း ချုပ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ ပြည်သူများသိရှိစေရန် လှည့်လည်အသိပေး နှိုးဆော်ခြင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များပူးပေါင်း၍ ယနေ့နံနက် (၉) နာရီက မုန့်ပေါင်းကျေးရွာအတွင်း Hand Speaker ဖြင့် လှည့်လည်နှိုးဆော် ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု မခံရစေရေးနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အတတ်နိုင်ဆုံးနေ အိမ်အတွင်းသာ နေထိုင်ကြရန်၊ မိမိအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်နှင့် မိမိကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ကြ ရန်နှင့် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများနှင့် တွေ့ ဆုံခြင်း၊ စကားပြောခြင်း၊ လေ၀င်လေထွက် မကောင်းသော အခန်းများကို ရှောင်ရန်နှင့် မိမိတို့ နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး လေ၀င်၊ လေထွက် ကောင်းအောင် ပြုလုပ်ကြ ရန်၊ အသုံးပြုပြီးသော နှာခေါင်းစည်း (Mask) များကို စနစ်တကျ စွန့်ပစ်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံစားနေရသည် ဟုသံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆက်သွယ်၍ မပျက် မကွက် စစ်ဆေးကုသမှု ခံယူကြပါရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ထိန်းချုပ်နိုင်ရန် ပြည်သူများအားလုံး လိုက်နာကြပြီး ပူးပေါင်းပါ၀င်ပေးကြရန် အသိပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်စေရန်အတွက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် နေ့စဉ် နံနက်(၉) နာရီမှ မွန်းလွဲ(၃)နာရီ အတွင်း အသက်(၁၈)နှစ် အထက် ပြည်သူများနှင့် မသန်စွမ်းသူများအား ပထမအကြိမ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)