နတ်မောက်မြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများကို မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာမောင်မောင်ချင်းနှင့် တွေ့ဆုံမေးမြန်း

နတ်မောက်   အောက်တိုဘာ   ၁၄

မေး။    မင်္ဂလာပါဆရာကြီးရှင်။ ဆရာ့အမည်နဲ့ အခုလက်ရှိတာဝန်ယူဆောင်ရွက်နေတဲ့   လုပ်ငန်းနဲ့ ပတ်သတ်ပြီး သိပါရစေရှင့်။

ဖြေ။     ဟုတ်ကဲ့ပါ ကျွန်တော်နာမည်ကတော့ ဒေါက်တာမောင်မောင်ချင်းဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ နတ်မောက်မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး တာဝန်ယူထားပါတယ်။

မေး။    နတ်မောက်မြို့နယ် အတွင်းမှာရှိတဲ့ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူ အရေအတွက်နဲ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုများ ကိုလည်း သိပါရစေရှင့်။

ဖြေ။     ကျွန်တော်တို့ နတ်မောက်မြို့နယ်အတွင်းမှာရှိတဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ (၂၂၇၀)ဦး ရှိပါတယ်။ ကာကွယ်ဆေးထိုးဖို့ကတော့ ဆေးရောက်တာနဲ့ တိုင်းရုံးက ညွှန်ကြားချက်နဲ့အညီ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ သက်ဆိုင်ရာဌာန မြို့နယ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ထိုးနှံပေးသွားဖို့ ကြိုတင် စီစဉ်ပြီးသားပါ။

မေး။    ဟုတ်ကဲ့ပါရှင့်ကာကွယ်ဆေး အမျိုးအစားလေးနဲ့ ဆေးထိုးမဲ့ အကြိမ်အရေတွက် လေးလည်း သိပါရစေရှင့်။

ဖြေ။     ကာကွယ်ဆေးအမျိုးအားကတော ့(Sinovac) အမျိုးအစားဖြစ်ပါတယ်။ ဆေးထိုးမဲ့ အကြိမ်အရေအတွက် ကတော့ () ကြိမ်ဖြစ်ပါတယ်။

မေး။    ဟုတ်ကဲ့ပါရှင့် အသက်(၁၂)နှစ်နှင့်အထက် ကလေးတွေကို ကာကွယ်ဆေး ထိုးနှံပေးသင့်/မပေးသင့် လေးလည်း သိပါရစေရှင့်။

ဖြေ။     ကိုဗစ်-၁၉ရောဂါဟာ ကျွန်တော်တို့နိုင်ငံတစ်နိုင်ငံထဲခံစားနေရတာမဟုတ်ပါဘူး၊ ကမ္ဘာ့ကပ် ရောဂါဖြစ်တဲ့ အတွက်ကြောင့် အဲ့ရောဂါကို ပျောက်ကင်းအောင် ကုသဖို့ဆေး မရှိသေးပါဘူး။ မရှိသေးပေမဲ့လည်း အခုကာကွယ်ဆေးဟာ W.H.O က အသိအမှတ် ပြုထားတာ ဖြစ်တဲ့အတွက် ထိုးသင့်ပါတယ်။ ရောဂါကူးစက်ခံရ ရင်တောင်ရောဂါ ပြင်းထန်မှုကိုလျော့ချနိုင်ပါတယ်။ ကလေးတွေ အနေနဲ့လည်း ကာကွယ်ဆေးထိုးထားရင် ကျောင်းတွေပြန်ဖွင့်တဲ့အချိန်မှာ စာတွေသင်နိုင်မယ်၊ အလားအလာကောင်းတဲ့ အခွင့်အရေးတွေ ရရှိလာမယ်လို့ ထင်ပါတယ်။ကာကွယ်ဆေးကို လက်လွှတ်မခံဘဲ ရတဲ့အခွင့်အရေးကို အသုံးချပြီးထိုးသင့်ပါတယ်။

မေး။    ဟုတ်ကဲ့ပါရှင့်၊ ဘယ်လိုကျောင်းသား/သူတွေကို ကာကွယ်ဆေးမထိုးနှံသင့်ဘူးလဲ ဆိုတာလည်း သိပါရစေရှင့်။

ဖြေ။     အရင်ကထိုးခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးတွေလိုပါပဲ ပထမ အရေးကြီးဆုံးကတော့ ကာကွယ်ဆေးနဲ့ပတ်သတ်ပြီး ဓာတ်မတည့်တဲ့သူတွေ ထိုးမပေးသင့်ပါဘူး၊ ကိုယ်ခံအားကျတဲ့ ရောဂါခံစားနေရတဲ့ကလေးတွေ HIVAIDS ကင်ဆာရောဂါ နာတာရှည်ဆေးသောက်နေတဲ့ ကလေးတွေကို သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်နဲ့ပြသပြီးမှ ထိုးသင့်မထိုးသင့် ဆုံးဖြတ် ပေးပါတယ်။   တစ်လအတွင်း ကိုဗစ်ဖြစ်ဖူးတဲ့ကလေးတွေဆိုရင်တော့ ရက်ချိန်းပေး ပြီးမှထိုးပေးမှာပါ။

မေး။    ဆရာကြီးအနေနဲ့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံဖို့အတွက် ကျန်းမာရေး ရှုထောင့်ကနေ ဖြည့်စွက် ပြောချင်တာလေးရှိရင်လည်း  ပြောပြပေးပါအုံးရှင့်။

ဖြေ။     ဟုတ်ကဲ့ပါ၊ ဖြည့်စွက်ပြောချင်တာထက် အကြံပေးချင်ပါတယ်၊ ခုချိန်မှာ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါဟာ အရှိန်အဟုန်နဲ့ဆက်ဖြစ်နေပါသေးတယ်၊ ခုတတိယလှိုင်းပြီးရင် စတုတ္ထ လှိုင်းလာတော့မယ်၊ အဲ့တော့ကျွန်တော်တို့အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ရပါတော့မယ်၊ လုပ်တဲ့ အချိန်မှာလည်း ဒီကာကွယ် ဆေးက ပြည်သူတွေအတွက် တစ်ထောင့်တစ်နေရာကနေ ကာကွယ်ပေးမှာပါ၊ ကာကွယ်ဆေး ထိုးပြီးရုံနဲ့ ရောဂါပိုးမဝင်ဘူးတော့မဟုတ်ပါဘူး၊ ကူးနိုင်ပါသေးတယ်၊ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ အတိုင်း (mask) ကိုမဖြစ်မနေတပ်ရမယ်၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရမယ်၊ လက်ကိုမကြာခဏဆေးရမယ်၊ အဲ့ဒီဆောင်ရန် ရှောင်ရန်တွေကို ကျင့်သုံးရအုံးမှာပါ၊ ပြီးတော့ ဒီကာကွယ်ဆေးထိုးလို့ ဘာတွေအကျိုး ကျေးဇူးရမလဲဆိုတော့ ရောဂါကူးစက်ခံရရင်တောင် အောက်ဆီဂျင် လိုအပ်ချက်ကျဆင်း သွားမှာဖြစ်ပါတယ်။ ဒါကြောင့်ကာကွယ်ဆေးကို ထိုးဖြစ်အောင် ထိုးကြပါလို့ ကျွန်တော် အနေနဲ့အကြံပြုတိုက်တွန်းလိုပါတယ်။

တွေ့ဆုံမေးမြန်းသူ-ဒေါ်ဇင်မာအောင်                                                 

သတင်းပေးပို့သူ-သင်းသင်းမြတ်