ကော့ကရိတ်မြို့၌ စာရေးဆရာ ဦးသောင်းငွေ၏ စာပေဗိမာန် စာမူဆုရ စာဖတ်လိုသော် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကော့ကရိတ် အောက်တိုဘာ ၁၄

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့အတွင်းရှိ လူငယ်လူရွယ်များအနေဖြင့် စာဖတ် သည့်အလေ့အကျင့်များ ရရှိလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club နှင့် လူငယ်များအဖွဲ့ Youth Club တို့ ပူးပေါင်း၍ စာရေးဆရာ ဦးသောင်းငွေ၏ စာပေဗိမာန် စာမူဆုရ "စာဖတ်လိုသော်" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကော့ကရိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးဝင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်   စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဦးမြင့်စိုးက အဆိုပါ စာရေးဆရာသည် စာဖတ်ဝါသနာပါသူများနှင့် စာဖတ်လိုသူများအတွက် နားလည်မှုစွမ်းရည် တိုးပွား လာစေရန် ရည်ရွယ်၍ ရေးသားထားခြင်းကြောင်း၊ အဆိုပါစာအုပ်သည် စာဖတ်သမားကောင်း ဖြစ်ရေးနှင့် အသိဉာဏ် ဖွံ့ဖြိုးရေးအတွက် စာဖတ်ခြင်းလုပ်ငန်း အဆင့်ဆင့်ရှိအပ်ပုံကို ခွဲခြမ်း စိတ်ဖြာထားသော အချက်အလက်များပါဝင်ကြောင်း၊ လူငယ်များအနေဖြင့် ဖတ်ရှုလေ့လာသင့် သည့် စာအုပ်ဖြစ်ကြောင်း၊  လူငယ်လူရွယ်များအနေဖြင့်လည်း စာဖတ်လေ့လာ ဖတ်ရှုရာတွင် မိမိ ကြိုက်နှစ်သက်သည့် စာပေတစ်မျိုးတည်းကိုသာ ရွေးချယ်မဖတ်ကြရန်နှင့် ဗဟုသုတရရှိစေတဲ့ သုတ/ရသ စာအုပ်များကိုလည်း ဖတ်ရှုလေ့လာသင့်ကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော Youth Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အသီးသီးပြန်လည် ဆွေးနွေး ခဲ့ကြသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)