ပွင့်ဖြူ အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသော အသက်(၁၈)နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဆက်လက် ထိုးနှံပေးနေကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ် စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံဆောင်ရွက် ပေးလျက်ရှိပြီး သတ်မှတ် ဆေးထိုးစုရပ်များအလိုက် ဒေသခံ ပြည်သူများက စိတ်အေးချမ်းစွာ လာရောက်ထိုးနှံကြရာ ယမန်နေ့ ဆေးထိုးစုရပ် (၄)နေရာ တွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၁၂၀၀ ဦး ရှိကြောင်း သိရသည်။
ဆေးထိုးစုရပ်များသို့ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပျံ့ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေး သူများအား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများကိုလည်း သက်ဆိုင်ရာ ဆေးထိုးစုရပ်များအလိုက် မပျက်မကွက် ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်းသိရပြီး အောက်တိုဘာ(၁၀)ရက်နေ့မှ ယနေ့အထိ ကာကွယ်ဆေး လာရောက် ထိုးနှံသူဦးရေ စုစုပေါင်း ၆၀၈၅ ဦးရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)