မြိတ် အောက်တိုဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ဆေးထိုးစုရပ်ကျောင်း (၂၄)ကျောင်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီး ကာကွယ် ဆေး ရောက်ရှိလာပါက ဆေးထိုးအဖွဲ့(၈)ဖွဲ့ဖြင့် (၅)ရက်အပြီး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရ သည်။
ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ကျောင်းအုပ်ကြီး၊ ဆရာ/မများ၊ မိဘဆရာ အသင်း၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များက မိဘအုပ်ထိန်းသူတွေကို မိမိတို့၏ သား/သမီးများအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ညှိနှိုင်းဆောင် ရွက်ထားရှိကြောင်း သိရသည်။ ထို့အတူ ကာကွယ် ဆေးထိုးအစီအစဉ်နှင့် ကာကွယ်ဆေးလာရောက်ထိုးနှံရေး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် စာသင်ကျောင်းများနှင့် အသွား အလာများသည့်နေရာများတွင် အသိပေးဆိုင်းဘုတ်များ စိုက်ထူဆောင်ရွက်ထားရှိပြီး ကာကွယ်ဆေး ထိုးနှံပေးမည့် ဆေးထိုးစုရပ် ကျောင်း(၂၄) ကျောင်း ကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိသည်။
မြိတ်မြို့နယ်တွင် အခြေခံပညာအထက်တန်းနှင့် အလယ်တန်း စာသင်ကျောင်း(၇၈)ကျောင်း၊ ဘုန်းတော် ကြီးသင်ပညာရေး ကျောင်း(၃)ကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း(၃)ကျောင်းတို့ တွင်ရှိသည့် အသက် (၁၂)နှစ် နှင့်အထက် ကျောင်းသား/သူ စုစုပေါင်း (၉၆၉၅)ဦးကို ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ဆေးထိုး ရန်အတွက် မိဘအုပ်ထိန်းသူများကို ကြိုတင် အသိပေး အကြောင်းကြားဆောင်ရွက်လျက်ရှိပြီး ကျောင်းသား/သူများ ဆေးထိုးရန် လာရောက်ပါက မိဘအုပ်ထိန်းသူ လိုက်ပါ လာရမည်ဖြစ်ကာ ၄င်းတို့၏ သဘောတူညီချက် လက်မှတ်ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် )