ပေါက်ခေါင်း အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပေါက်ခေါင်းမြို့နယ် ဌာနဆိုင်ရာများ၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ အလှူရှင်များ၊ ရပ်ဝေးရပ်နီးမှ အလှူရှင်များ စုပေါင်းလှူဒါန်းသည့် 30 Nm3/n စက် အမျိုးအစား အောက်ဆီဂျင်ထုတ်စက်ရုံဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ပေါက်ခေါင်းမြို့ ပြည်သူ့ ဆေးရုံကြီးရှိ အဆိုပါ စက်ရုံရှေ့၌ ပြုလုပ်သည်။
ဖွင့်ပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး နှင့် ကုသရေးဦးစီးမှူး ဒေါက်တာ အောင်မျိုးမြတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးကော်မတီ ဒု-ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ ဒေါက်တာ အောင်မျိုးမြတ်၊ ဒု-ဥက္ကဋ္ဌ ဦးအုန်းလွင်နှင့် အဖွဲ့ဝင် ဦးထင်လင်းသူတို့က အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
အဆိုပါ အောက်ဆီဂျင် ထုတ်စက်ရုံမှ တစ်နေ့လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင် ၁၀၀ လုံး ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အောက်ဆီဂျင်အသုံးပြုရန် လိုအပ်သည့်နေရာများသို့ အခမဲ့ဖြန့်ဝေ လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)