ပေါင်းတည် အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသိပညာပေး နှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၇ နာရီ အချိန်က မြို့အတွင်းရှိ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများတွင် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ လိုက်လံနှိုးဆော်ရာတွင် ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု အခြေအနေမှာ ကွင်းဆက်မပြတ်သေးဘဲ ရပ်ကွက်/ကျေးရွာများအတွင်း Silent Carrier များအဖြစ် ရှိနေကြောင်း သုံးသပ်ရရှိသည်။ ယခုအခါ သီတင်းကျွတ် ရာသီအခါသမယ ရောက်ရှိလာပြီဖြစ်၍ အနယ်နယ်အရပ်ရပ်မှ မိမိတို့၏ မိသားစုဝင်များမှာ မိမိတို့ရပ်ရွာသို့ ပြန်လည်ရောက်ရှိလာပြီး Quarantine ဝင်ရောက်ခြင်း မရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ Quarantine ဝင်ရောက်ခြင်းမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားပါမည်။
သို့ဖြစ်ပါ၍ ပေါင်းတည်မြို့နယ်အတွင်း မှီတင်းနေထိုင်ကြသည့် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Stay at home မြို့နယ်များမှ ပြန်လည်ရောက်ရှိလာပါက Quarantine ဝင်ရောက်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေကွာ နေထိုင်ခြင်း၊ မကြာခဏလက်ဆေးခြင်း၊ မလိုအပ်ဘဲ အပြင်ထွက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မိမိတို့ နေအိမ်တွင် နေထိုင်ခြင်း၊
ကာကွယ်ဆေးထိုးနှံခြင်းတို့ဖြင့် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း နှိုးဆော်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခြင်းလုပ်ငန်းကို ပေါင်းတည်မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ချစ်နှင်းသုန်